Homeမြန်မာသတင်း
ပြန်ဖွင့်ခွင့်ပေးထားသည့် စက်ရုံများကို နောက်ဆက်တွဲ ထပ်စစ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
ပြန်ဖွင့်ခွင့်ပေးထားသည့် စက်ရုံများကို နောက်ဆက်တွဲ ထပ်စစ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
May 8, 2020
ပြန်လည်ဖွင့်လှစ် လုပ်ကိုင်ခွင့်ပြုထားတဲ့ စက်ရုံအလုပ်ရုံတွေကို နောက်ဆက်တွဲ ထပ်စစ်ဆေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
ဒီနေ့မေလ ၈ ရက်မနက်က စစ်ကိုင်းတိုင်းအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေသူတွေနဲ့ အွန်လိုင်းက တဆင့် တွေ့ဆုံဆွေးနွေးရာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
COVID-19ရောဂါ ကူးစက်မှုမဖြစ်စေဖို့ စက်ရုံအလုပ်ရုံတွေမှာ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ ထားရှိဖို့ အပါအဝင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကို လိုက်နာမှုရှိမရှိ သက်ဆိုင်ရာက စစ်ဆေးပြီးမှာ ပြန်လည် ဖွင့်လှစ်ခွင့်ပေးနေတာပါ။
ဒါပေမယ့်လည်း တချို့စက်ရုံတွေက စစ်ဆေးချိန်မှာသာ စည်းကမ်းချက်တွေကို လိုက်နာပြပြီး ဖွင့်လှစ်ခွင့်ရတဲ့ အချိန်မှာတော့ အရင်အတိုင်းပြောင်းလဲမှု မရှိတဲ့အတွက် တိုင်ကြားမှုတွေ လက်ခံရရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
စက်ရုံ၊ အလုပ်ရုံတွေအနေနဲ့ စင်ကာပူနိုင်ငံမှာ ရက်ပိုင်းအတွင်း အလုပ်သမား ထောင်ချီ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရမှုတွေကို သင်ခန်းစာယူဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပါတယ်။