Home
မြန်မာသတင်း
ကြံခင်းနယ်ခံသတင်းထောက် ၁ ဦး ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခံရ
DVB
·
May 8, 2020
ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ ကြံခင်းနယ်ခံသတင်းထောက် ကိုသက်မင်းထွဏ်းကို ကြံခင်းမြို့နေ အမျိုးသမီးတစ်ဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ  ၆၆ (ဃ) နဲ့  ကြံခင်းမြို့မရဲစခန်းမှာ  မေလ ၇ ရက်က အမှုဖွင့်ခဲ့တယ်လို့ ရဲစခန်း တာဝန်ရှိသူက ပြောပါတယ်။ ကြံခင်းမြို့မှာ ပျံကျစျေးပြောင်းရွှေ့တာကို မကျေနပ်လို့ စည်ပင်ဌာနကို ရန်တွေ့သူအား တရားစွဲဆိုမည်ဆိုတဲ့ သတင်းရေးသားခဲ့တာနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ သတင်းထောက် ကိုသက်မင်းထွဏ်းကို ကြံခင်းမြို့ခံ ဒေါ်ဖြူမာဝင်းက  ကြံခင်းမြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ကြံခင်းမြို့မရဲစခန်းမှ ဒုရဲအုပ် အေးမြတ်ခိုင်က "မနေ့က ရဲစခန်းမှာ လာအမှုဖွင့်ပါတယ်။ ကိုသက်မင်းထွဏ်းရဲ့ ဖုန်းကိုတော့ လက်ရှိအချိန်မှာ ရဲလုပ်ငန်းအရ သိမ်းထားပါတယ်။ အမှုနဲ့ပတ်သက်ပြီး စစ်ဆေးတုန်းမလို့ ကျန်တာတွေတော့ ပြောလို့မရသေးပါဘူး"လို့ ပြောပါတယ်။ အဆိုပါသတင်းကို ကြံခင်းမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ ပြန်ရေး ကော်မတီရဲ့ ရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်တာကို အော်ဟစ်ရန်တွေ့ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့နယ်စည်ပင်ဌာနတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သွားရောက်သတင်း ရယူခဲ့ပြီး ရေးသားဖော်ပြခဲ့တာလို့ ကာယကံရှင် ကိုသက်မင်းထွဏ်းက  ဒီဗွီဘီကို ပြောပါတယ်။ "လူအများကြီးရှေ့မှာဖြစ်ခဲ့တဲ့ ကိစ္စပါ၊ ဒီလိုရန်တွေ့ခံရတာနဲ့ ပတ်သက်ပြီး စည်ပင်ကော်မတီက မီဒီယာနဲ့တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲလုပ်ချိန်မှာ ဒေါ်ဖြူမာဝင်းကို တရားစွဲမယ်လို့ အတိ အလင်းပြောခဲ့လို့ သတင်းရေးခဲ့တာပါ"လို့ ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ ကြံခင်းမြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးမော်ကြီး ကိုယ်တိုင်တရားစွဲဆိုမယ်လို့ ပြောဆိုခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေ အပါအဝင် အသံ ဖိုင်တွေ မှတ်တမ်းအနေနဲ့ လက်ခံထားတယ်လို့ ဆိုပါတယ်။ မြန်မာဂျာနယ်လစ်ကွန်ရက်(ဧရာဝတီတိုင်းဒေသကြီး) အတွင်းရေးမှူး ဆလိုင်းသန့်စင်က “ စည်ပင်ကိုရန်တွေ့တဲ့ဖြစ်စဉ်က တကယ်ဖြစ်ခဲ့တာ၊ စည်ပင်ဌာနက တရားစွဲမယ်ဆိုတာလည်း တကယ်ပြောခဲ့တာ၊ ဖြစ်စဉ်အမှန်တွေကို သတင်းရေးတာနဲ့ပတ်သက်ပြီး အမှုဖွင့်တယ်ဆိုတော့ သတင်းမီဒီယာတွေကို နောက်ကို အမှန်မရေးရဲအောင်၊ ကြောက်ရွံ့နောက်တွန့်သွားအောင် လုပ်တဲ့ သဘောလို့မြင်ပါတယ်” လို့ ပြောပါတယ်။ သတင်းထောက် ကိုသက်မင်းထွဏ်း အမှုဖွင့်ခံထားရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တင်ပြပြီး  ဥပဒေကြောင်းအရလည်း လိုအပ်တာတွေ ကူညီပေးသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွင်း  ဧရာဝတီတိုင်းမှာ  သတင်းထောက် တဦးကို  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့  ပထမဆုံးအကြိမ် အမှုဖွင့်တရားစွဲဆိုတာ ဖြစ်ပါတယ်။ မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024