ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် စိတ်ကြွဆေးပြား ၁ သန်းကျော် ဖမ်းဆီးရမိ
DVB
·
May 7, 2020
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်ထဲမှာ မြန်မာနယ်စပ် မယ်ဆိုင်ချောင်းဘေးကနေ စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းတာဝန်ရှိသူတွေက မေ ၆ ရက် နေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မယ်ဆိုင်မြို့နယ်ထဲမှာ နယ်စပ်ဘက်ကနေ မူးယစ်ဆေးအချီကြီး ဝင်ရောက်လာဖို့ရှိကြောင်း ကြိုတင်သတင်းရတဲ့အတွက် ထိုင်းစစ်တပ်၊ မူးယစ်ရဲနဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပါဝင်တဲ့အဖွဲ့က နယ်စပ်တလျှောက်မှာ စောင့်ကြပ်နေခဲ့ကြတာပါ။
မေ ၅ ရက် ည ၈ နာရီခွဲလောက်မှာတော့ မြန်မာနယ်စပ်နဲ့ မီတာ ၅၀၀ အကွာ ကော်ချန့်ကျေးရွာအုပ်စုရှိ မယ်ဆိုင်ချောင်းရိုးတလျှောက် မောင်းနှင်လာတဲ့ ဟွန်ဒါကားတစီးပေါ်ကနေ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တာလို့ အမှတ် ၂ အထူးတိုက်ခိုက်ရေး တပ်ရင်းမှ ဗိုလ်မှူးကြီး ကရစ်ထီချိုင်း ကောင်ကျစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အဆိုပါ ဟွန်ဒါကားကို မောင်းနှင်လာသူမှာ အသက် ၂၇ နှစ်ရွယ်ရှိ နိုင်းအတ်ချိုင်း ဆိုင်ကျောက် ဆိုသူ ချင်းရိုင်းခရိုင်မှ ထိုင်းနိုင်ငံသား ၁ ဦးဖြစ်ပြီး သူ့ရဲ့ကား နောက်ဖုံးထဲမှာ အိတ် ၅ အိတ်ထဲ ထည့်လာတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၁ သန်းနဲ့ ၄ ထောင်ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စိတ်ကြွဆေးပြားတွေမှာ ၉၉၉ အမှတ်တံဆိပ်ပါရှိပြီး လားဟူအုပ်စုကနေ လာတာလို့ ယူဆကြောင်း၊ သူတို့ဟာ မူးယစ်ဆေးကုန်ကြမ်းကို တောင်ပိုင်း ဝ တပ်ဖွဲ့ထံမှ ရယူပြီး ‘၀’ တပ်ဖွဲ့က ထုတ်လေ့ရှိတဲ့ ၉၉၉၉ အမှတ်တံဆိပ်နဲ့ပဲ ပြန်ထုတ်ကာ ဈေးနှုန်းကို ပိုချိုသာစွာရောင်းချတယ်လို့ ထိုင်းအမျိုးသား လုံခြုံရေးဌာန တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ မယ်ဆိုင်ချောင်းရေဟာ နွေရာသီမို့ရေတွေလျော့နည်းသွားတာကြောင့် တချို့ နေရာမှာ ကားမောင်း လို့ပင်ရတဲ့အနေအထားရှိပါတယ်။
မူးယစ်ဆေးသယ်သူတွေဟာ ဒါကိုအခွင့်ကောင်းယူပြီး မူးယစ်ဆေးတွေကို မယ်ဆိုင်ချောင်းကတဆင့် ကော်ချန့်ကျေးရွာအုပ်စုထဲမှာ လာရောက်စုစည်းကာ ထိုင်းနိုင်ငံ အတွင်းပိုင်းဘက်ကို တစစသယ်ဆောင်သွားကြတာလို့ ထိုင်းတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဖမ်းဆီးရမိသူ နိုင်းအတ်ချိုင်းကလည်း သူဟာ အဆိုပါစိတ်ကြွဆေးတွေကို အငှါး သယ်ပေးသူသာဖြစ်ကြောင်း၊ သူ့တာဝန်ကလည်း မယ်ဆိုင်ကနေ ချင်းရိုင်းထိသာ ပို့ပေးဖို့ ဖြစ်တယ်လို့ ဝန်ခံသွားပါတယ်။
တာဝန်ရှိသူတွေက နိုင်းအတ်ချိုင်းကို နံပါတ် ၁ အဆင့် အပြင်းစား မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှု /သယ်ဆောင်မှုတွေနဲ့ အရေးယူသွားမှာဖြစ်ပြီး ကျန်တဲ့ကွင်းဆက်တွေလည်း ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
ကိုးကား - ထိုင်းရတ်သတင်း