Live
Home
မြန်မာသတင်း
ARSA အဖွဲ့သိုဝှက်ထားသည့် WFP တံဆိပ်ပါ စားသောက်ကုန်များ သိမ်းဆည်းရမိဟု တပ်မတော်ပြော
နေဖြိုးဝင်း
·
May 6, 2020
ARSA အကြမ်းဖက်အဖွဲ့က သိုဝှက်ထားတဲ့  ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ စားသောက်ကုန်တွေ သိမ်းဆည်းရမိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ မိုးကာ အမည်းရောင်တွေနဲ့ ဖုံးအုပ်ထားတဲ့ အဲဒီစားသောက်ကုန်တွေကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာနားမှာ မေလ ၆ ရက် မနက်ပိုင်းက တွေ့ရှိခဲ့တာလို့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ တွေ့ရှိတဲ့အထဲမှာ (WFP) တံဆိပ်ပါ ပဲနီလေး ၄၈ ထုပ်၊ စားသုံးဆီ ၂ လီတာဘူး ၁၀ ဘူး၊ ၃ လီတာဘူး ၁၂ ဘူး၊ ၃ ပိဿာခန့်ပါ ဆား ၂ အိတ်၊ နနွင်းမှုန့် ၁ ပိဿာထုပ် ၅၅ ထုပ်၊ အရောင်တင်မှုန့် ၂ ပိဿာထုပ် ၁၉ ထုပ်နဲ့ Hi Speed ခြင်ဆေးခွေ ၁၈၂ ဘူး တို့ပါဝင်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ခမောင်းဆိပ်ရွာနားက တဲနှစ်လုံးထဲမှာ သိုဝှက်ထားတဲ့ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက်စကားပြောစက်၊ ပြောက်ကျားဝတ်စုံ၊ လည်တိုဖိနပ်နဲ့ WFP တံဆိပ်ပါ ဆန်အိတ်၊ ဆီဘူး၊ အာလူး၊ ဆေးမျိုးစုံအိတ်၊ လက်ကိုင်ဖုန်း၊ UNHCRက ထုတ်ပေးထားတဲ့ ကတ်အပါအဝင် တခြားပစ္စည်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် AAအဖွဲ့ကလည်း စစ်ဘေးရှောင်တွေကို NGO/INGO အဖွဲ့တွေနဲ့ အလှူရှင်တွေက လှူဒါန်းထားတဲ့ ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ ရယူသုံးစွဲနေတယ်လို့ တပ်မတော်က ပြောပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ တဘက်အဖွဲ့တွေကို ဆက်သွယ်မေးမြန်းဖို့ ဥပဒေကြောင်းအရ အခက်အခဲရှိနေတာကြောင့် ဆက်သွယ်လို့ အဆင်မပြေသေးပါဘူး။  ဓာတ်ပုံ- CINCDS  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024