Homeမြန်မာသတင်း
မကွေးမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်များအမိုးလန်ပြီး သစ်ပင်နှင့် ဓာတ်တိုင်အချို့ကျိုးကျ
မကွေးမြို့တွင် လေပြင်းတိုက်ခတ်၊ နေအိမ်များအမိုးလန်ပြီး သစ်ပင်နှင့် ဓာတ်တိုင်အချို့ကျိုးကျ
DVB
·
May 6, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာ မေလ ၆ ရက်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းတိုက်ပြီး နေအိမ်တချို့ အမိုးလန် ပျက်စီးသွားကာ သစ်ပင်တွေနဲ့ ဓာတ်မီးတိုင်တွေ ကျိုးကျသွားပါတယ်။
မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က "မိုးသက်လေပြင်းကျရောက်ခဲ့လို့ သစ်ပင်တချို့ ကျိုးကျပြီး လမ်းပိတ်ဆို့ တာတွေဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် လျှပ်စစ်မီးတိုင်တွေ ကျိုးကျပြီး လျှပ်စစ်မီးတွေပြတ်တောက်ခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျိုးကျခဲ့တဲ့ သစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းနေပြီး မြို့နယ်လျှပ်စစ်ဌာနကလည်း လျှပ်စစ်မီးကြိုး ပြတ်တောက်တာတွေကို စစ်ဆေး ပြုပြင်တာတွေလုပ်ဆောင်နေပါတယ်။"လို့ ပြောပါတယ်။
လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားတဲ့ နေအိမ်တွေ အရေအတွက်ကိုတော့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာတွေမှာ စာရင်းတောင်းထားတယ်လို့ ပြောပါတယ်။
တစ်နာရီ ၁၅ မိုင်နှုန်းနဲ့ အနောက်အရပ်ကနေ လေပြင်းတိုက်ပြီးမိုးရွာသွန်းခဲ့တာလို့ မကွေး မိုးလေဝသနှင့် ဇလဗေဒ ဌာနကသိရပါတယ်။
မကွေးတိုင်း မီးသတ်ဦးစီးဌာန တိုင်းဦးစီးမှူး ဦးအောင်ဝင်းစိန်ကတော့ မကွေးမြို့ပေါ်က နေရာ ၈ နေရာ ၉ နေရာလောက်မှာ လေဘေးသင့်ခဲ့တာ ဖြစ်ပြီး စာရင်းတော့ လိုက်ပြုစုနေဆဲပဲလို့ ပြောပါတယ်။
မကွေးတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း လေပြင်းတိုက်ခတ်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၇ လုံးပြိုကျကာ၊ အိမ်ခြေ ၆၃၅ လုံးနဲ့ ဘာသာရေး အဆောက်အုံ ၈ လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး/ ကိုလင်း(ချောက်)