Homeမြန်မာသတင်း
ကျန်းမာရေးစည်းကမ်း အထူးဂရုစိုက်လိုက်နာရန် ရန်ကုန်မြို့သားများကို အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
ကျန်းမာရေးစည်းကမ်း အထူးဂရုစိုက်လိုက်နာရန် ရန်ကုန်မြို့သားများကို အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
DVB
·
May 6, 2020
ရန်ကုန်မြို့ထဲမှာ အသွားအလာတွေများလာတယ်လို့ သိရပြီး ရန်ကုန်ဟာ COVID-19 ရောဂါကူးစက်ထားသူ အများဆုံးတွေ့ထားတဲ့မြို့ဖြစ်လို့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကနေ တိုက်တွန်းပြောပါတယ်။
“ကိစ္စအမျိုးမျိုးကြောင့်၊ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်လို့၊ အိမ်ပြင်ထွက်ဖို့ လိုတာတွေ ရှိနိုင် မယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်စေချင်ပါတယ်။ ရောက်နိုင်အောင်လည်း ကြိုးစားပါမယ်။ သို့သော် ဒီအချိန်မှာတော့သည်းခံရပါမယ်။ သည်းခံကြပါ။ သည်းခံရခြင်းအကြောင်းတွေ နောင်တစ်ချိန်မှာ ရေးနိုင်တာပေါ့။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့ပြင် Mask ပြိုင်ပွဲလေးတစ်ခုလုပ်မလို့ စဉ်းစားနေတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။
“ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်းတစ်ခုကတော့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းပါပဲ။ Mask တပ်ဆင်တဲ့ အလေ့အထကို အားပေးဖို့ mask ပြိုင်ပွဲလေးတစ်ခုလုပ်မလား စဉ်းစားနေပါတယ်။ စိတ်ဝင်စားကြပါလား။ အိမ်မှာနေပြီးလုပ်နိုင်မယ့် အလုပ်လေ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
COVID-19 မပြန့်ပွါးစေဖို့ အိမ်ထဲမှာနေရပုံက အခြားအကြောင်းတွေကြောင့် နေရပုံနဲ့ တူတာတွေလည်းရှိပါလိမ့်မယ်၊ မတူတာတွေလည်းရှိပါလိမ့်မယ်။ တစ်နေ့ တစ်ချိန် တစ်ခါမှာ COVID အတွေ့အကြုံတွေအကြောင်း စာအုပ်တွေ ထွက်လာမှာပါလို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့အထိ COVID-19 အတည်ပြုလူနာပေါင်း ၁၆၁ ဦးရှိပြီး အများစုဟာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။