ကျုံပျော်-ဟင်္သာတ ကားလမ်းတွင် မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ် သစ်ပင်ပိ၊ လူ ၂ ဦး ဒဏ်ရာရ
DVB
·
May 6, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့မှာ မေ ၅ ရက်နေ့က ကျုံပျော်–ဟင်္သာတ ကားလမ်းပေါ်မှာ မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ် သစ်ပင်လဲကျလို့ ဆိုင်ကယ်ပေါ် စီးနင်းလာပါလာတဲ့ လူ ၂ ဦးကို ဆေးရုံပို့ဆောင်လိုက်ရပါတယ်။
ပင်လုံရပ်ကွက်၊ ခဲဘောင်တံတားထပ် လုံခြုံရေးရဲကင်းအနီးက စိန်ပန်းပင် လဲကျကာ ဆိုင်ကယ်ပေါ် ပိမိပြီး လိုက်ပါလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာတွေရရှိခဲ့လို့ ကျုံပျော်ဆေးရုံနဲ့ ဟင်္သာတဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ ကျုံပျော်မြို့ နာရေးကူညီမှုအသင်းက တာဝန်ရှိသူ ကိုကျော်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
“အပင်က လမ်းပေါ်ကို ကန့်လန်ဖြတ် လဲကျတာ၊ ဆိုင်ကယ်ပေါ် ပိသွားတော့ ၂ ဦး ဒဏ်ရာရသွားလို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်။”
ဆိုင်ကယ်မောင်းတဲ့ အမျိုးသားကိုတော့ ကျုံပျော်ဆေးရုံကို ပို့ပေးထားပြီး နောက်က လိုက်ပါလာတဲ့ အမျိုးသမီးကတော့ ခေါင်းမှာရရှိခဲ့တဲ့ ဒဏ်ရာက ပြင်းထန်လို့ ဟင်္သာတဆေးရုံကြီးကို ပို့ဆောင်ထားရပါတယ်။
အပင်လဲကျခဲ့တဲ့ နေရာကိုတော့ ကျုံပျော်မြို့က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ဒေသခံတွေ ပရဟိတအသင်းတွေ လာရောက်ပြီး သစ်ပင် ဖြတ်တောက် လမ်းရှင်းပေးခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဒေသခံပရဟိတအသင်းတွေနဲ့ တာဝန်ရှိသူတွေက သစ်ပင်ပိပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံတင်ထားရတဲ့ လူ ၂ ဦးရဲ့ မိသားစုဝင်တွေကို လိုက်လံရှာဖွေ ဆက်သွယ်ပေးနေပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)