မကွေးတိုင်းပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၁၅ ဦးကို Facility Quarantine ထားရှိ
DVB
·
May 6, 2020
စောင့်ကြည့်လူနာနဲ့ ထိတွေ့ခဲ့တဲ့ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံက ကျန်းမာရေး ဝန်ထမ်း ၁၅ ဦးကို Facility Quarantine ပြုလုပ်ပေးခဲ့တယ်လို့ ဆေးရုံအုပ်ကြီးထံကနေ သိရပါတယ်။
စောင့်ကြည့်လူနာဖြစ်တဲ့ ဆေးရုံက သူနာပြုဆရာမတစ်ဦးနဲ့ ထိတွေ့ခဲ့တဲ့ ခွဲစိတ်ခန်းမှာတာဝန်ကျတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၃ ရက်မှ ၅ ရက်နေ့အထိ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက "ဆေးရုံက သူနာပြုဆရာမတစ်ဦး မီးယပ်ရောဂါဖြစ်ပြီး ကိုယ်ပူချိန်မြင့်တက်တဲ့အတွက် စောင်ကြည့်လူနာ အဖြစ်သတ်မှတ်ကာ နှာခေါင်းတို့ဖတ်၊ လည်ချောင်းတို့ဖတ်တို့ရယူကာ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။ လူနာနဲ့ ထိစပ်ခဲ့တဲ ဆေးရုံဝန်ထမ်း ၁၅ ဦးကို ချမ်းမြေ့သာယာ အိမ်ရာမှာ Facility Quarantine ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။”လို့ ပြောပါတယ်။
လူနာရဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေက COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့မေလ ၄ ရက်နေမှာ အဖြေထွက်တဲ့အတွက် Quarantine ပြုလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းတွေကို မေလ ၅ ရက်နေ့ နေ့လည်ပိုင်းက ပြန်ခေါ်လိုက်ပြီလို့လည်းပြောပါတယ်။
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအနေနဲ့ COVID-19 စောင့်ကြည့်လူနာတွေကို သီးခြားကုသဆောင်မှာ ဂရုစိုက်ကုသပေးနေတာဖြစ်ပြီး ဆေးရုံမှာ PPE ဝတ်စုံ အထိုက်အလျောက်ရှိပေမယ့် N-95 Mask လိုအပ်ချက်တွေရှိနေတယ်လို့ ဆေးရုံအုပ်ကြီးထံက သိရပါတယ်။
သတင်း-မင်းထီး