8 Ball Pool ကမ္ဘာ့ချန်ပီယံကို အနိုင်ယူပြီး ၄ ပွဲဆက်အနိုင်ရရှိခဲ့တဲ့ ဘုန်းမြင့်ကျော်

တရုတ်နိုင်ငံ၊ ချောင်ရန်မြို့မှာ ကျင်းပတဲ့ ဖိတ်ခေါ် 8 Ball Pool ပြိုင်ပွဲ၊ မေလ ၅ ရက် ညနေမှာ ယှဉ်ပြိုင်တဲ့ပွဲစဉ်မှာ မြန်မာ့လက်ရွေးစင် ပူးလ်ကစားသမား ဘုန်းမြင့်ကျော်က ကမ္ဘာ့ချန်ပီယံ ကျောင်ယူဘိုကို ၂၁ ပွဲ ၁၆ ပွဲနဲ့ အနိုင်ရခဲ့ပါတယ်။  ကျောင်ယူဘိုဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်ပြိုင်ပွဲ နှစ်ခုမှာ ချန်ပီယံ ၂ ကြိမ်ဆက်ရယူပြီး စံချိန်တင်ထားနိုင်တဲ့ ကမ္ဘာ့ချန်ပီယံတဦး ဖြစ်ပါတယ်။ အရင်က ၆ ကြိမ်တွေ့ဆုံဖူးပြီး ၃ ပွဲစီ အနိုင်ရခဲ့ကြသူတွေ ပြန်လည်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်ဟာ ဘုန်းမြင့်ကျော်ရဲ့ ၄ ပွဲမြောက်ပွဲစဉ်ဖြစ်ပြီး ၄ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။ တရုတ်ပြည်တွင်း ဖိတ်ခေါ် 8 Poll ပြိုင်ပွဲကို ကမ္ဘာ့အဆင့်ရှိ ထိပ်တန်းကစားသမား ၈ ဦးက ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ ပထမအဆင့်ပတ်လည် ကစားအပြီးမှာ ထိပ်ဆုံး ၄ ဦးက ဒုတိယအဆင့် ဆက်ကစားရမှာဖြစ်ပြီး အဆင့် ၅ နဲ့ ၆ ရတဲ့ကစားသမားတွေက ပလေးအော့ဖ်ကစားပြီး အနိုင်ရသူက ဒုတိယအဆင့်တက်မှာ ဖြစ်ပါတယ်။ ပွဲစဉ်တပွဲ အနိုင်ရရင် အမှတ် ၆၀၀၀ ရရှိပြီး ၄ ပွဲ အနိုင်ရထားတဲ့ ဘုန်းမြင့်ကျော်က ရမှတ် ၂၄၀၀၀ ရရှိထားပါတယ်။ ဘုန်းမြင့်ကျော်ဟာ မေ ၁၅ ရက်မှာ ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ ရန်ဖန်၊ မေ ၁၆ ရက်မှာ ချန်ပီယံဟောင်း ဝူကျောင်ယူ၊ မေ ၃၁ ရက်မှာ ကမ္ဘာ့ချန်ပီယံဟောင်း ချူဘင်ဂျီတို့နဲ့ ဆက်ပြီး ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ အခုပြိုင်ပွဲကို ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်ကတည်းကစတင်ခဲ့ပြီး ဩဂုတ် ၁၈ ရက်အထိ ၄ လကြာ ကျင်းပမှာပါ။ တပွဲအနိုင်ရရင် မြန်မာငွေကျပ်သိန်း ၂၀ ခန့်ဆုကြေးရပြီး ချန်ပီယံဖြစ်ရင်တော့ ကျပ်သိန်း ၁၀၀၀ ခန့်ရရှိမယ်လို့ သိရပါတယ်။ ဘုန်းမြင့်ကျော်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အားကစားနဲ့ကာယပညာဦးစီးဌာနနဲ့ အိုလံပစ်ကော်မတီတို့ကလည်း ကမ္ဘာ့ချန်ပီယံဟောင်းတွေကို အနိုင်ရခဲ့လို့ ဂုဏ်ယူပြီး ဆက်လက်အားပေးနေကြောင်း မေ ၅ ရက်က ဂုဏ်ပြုမှတ်တမ်းလွှာ ထုတ်ပြန်ခဲ့ပါတယ်။ ဘုန်းမြင့်ကျော်ဟာ ပြီးခဲ့တဲ့ ဖိလစ်ပိုင် ဆီးဂိမ်းစ်မှာလည်း တဦးချင်းနဲ့ ၂ ယောက်တွဲ 9 Ball Pool ပြိုင်ပွဲတွေကနေ ရွှေတံဆိပ် ၂ ခု ရယူပေးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up