ကိုဗစ်ကပ်ဘေးကာလတွင် ဖွင့်လှစ်လုပ်ကိုင်နိုင်သည့်လုပ်ငန်းများ ဖြည့်စွက်ကြေညာ
DVB
·
May 5, 2020
COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စက်ရုံ အလုပ်ရုံတွေကို ပိတ်ထားဖို့ အစိုးရက ညွှန်ကြားထားပေမဲ့ တချို့လုပ်ငန်းတွေကို ဆက်ဖွင့်ခွင့်ပြုထားဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေ၊ အများပြည်သူအတွက် လိုအပ်တဲ့ လုပ်ငန်းတွေဆိုပြီး ဝန်ကြီးဌာနက ဖြည့်စွက်ကြေညာ လိုက်ပါတယ်။
COVID-19 ကာကွယ်ထိန်းချုပ်နေတဲ့ ကာလမှာ နိုင်ငံတော်ပိုင် စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်း၊ ရေပေးဝေရေးလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားနဲ့ လောင်စာစွမ်းအင် ထုတ်လုပ်ပို့လွှတ် ဖြန့်ဖြူးတဲ့ လုပ်ငန်း၊ မီးသတ်လုပ်ငန်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာလုပ်ငန်း တို့ကို မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းတွေအဖြစ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန မေ ၃ ရက်မှာ က ဖြည့်စွက်ထုတ်ပြန်ပါတယ်။
သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနဲ့ ပွဲရုံလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနဲ့ ကုန်တင်ကုန်ချလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းတွေနဲ့ ကုန်သွယ်မှုလုပ်ငန်း၊ စည်ပင်သာယာရေး ဆိုင်ရာလုပ်ငန်း၊ ဘဏ်နဲ့ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ အာမခံ ကုမ္ပဏီနဲ့ ထုတ်လုပ်မှုမရှိတဲ့ ကုမ္ပဏီလုပ်ငန်း၊ အလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း၊ ပြန်ကြားရေး လုပ်ငန်း၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံတဲ့လုပ်ငန်း၊ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်း လုပ်ငန်းတွေကိုတော့ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေအဖြစ် သတ်မှတ် လိုက်ပါတယ်။
ပြီးတော့ အများပြည်သူအတွက် လိုအပ်တဲ့ လုပ်ငန်းတွေအဖြစ် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်း၊ သတ္တုနဲ့ သယံဇာတလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာ လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေး ဖမ်းဆီးရေးနဲ့ အအေးခန်းလုပ်ငန်းတို့ကို ဖြည့်စွက်လိုက်ပါတယ်။
ဒီလုပ်ငန်းတွေဟာ ဆက်ဖွင့်ထားနိုင်ပေမယ့် ကျန်းမာရေးဌာန သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်ပြီးစီးတဲ့ အထောက်အထားတွေနဲ့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနဆီကို ပြန်တင်ပြဖို့ လိုအပ်ပြီး သက်ဆိုင်ရာ အဖွဲ့တွေရဲ့ စစ်ဆေးတာကိုခံယူဖို့လည်း ဆောင်ရွက်ထားရမယ်လို့ ဆိုပါတယ်။