ဘတ်ရီးတပ်အသင်းနှင့် အငှားစာချုပ်ကို ဖျက်သိမ်းလိုက်သည့် လီဗာပူး ဂိုးသမား ကာရီးရက်စ်

ဓာတ်ပုံ - ဂိုးလ်
လစာပေးချေမှု ပြဿနာကြောင့် တူရကီကလပ် ဘတ်ရှီးတပ်အသင်းနဲ့ အငှားစာချုပ်ကို ဖျက်သိမ်းလိုက်ပြီလို့ လီဗာပူး ဂိုးသမား လိုရစ်ကာရီးရက်စ်က ထုတ်ဖော်ပြောဆိုပါတယ်။ အငှားကာလအတွင်း လစာပေးချေခဲ့ခြင်း မရှိတာကြောင့် ဂျာမနီဂိုးသမားက ကလပ်အသင်းကို တရားစွဲဆိုထားပြီး ဘတ်ရှီးတပ်အသင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုနှစ် မတ်လအထိ လစာပေးချေခဲ့ခြင်းမရှိဘူးလို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဖလိုရီယန်ဂိုးက ပြောပါတယ်။ ဒီလိုပြဿနာတွေ ရှိနေချိန်မှာ ကားရီးရက်စ်က သူ့ရဲ့အခြေအနေကို အင်စတာဂရမ်မှာ ထုတ်ဖော်ရေးသားခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ဘတ်ရှီးတပ်ပိုင်ရှင်အဖွဲ့နဲ့ လပေါင်းများစွာ ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။ အသင်းဖော်တွေနဲ့ အသင်းပရိသတ်တွေကို ခွဲခွာရတော့မှာဖြစ်တာကြောင့် စိတ်မကောင်းဖြစ်မိတယ်လို့ သူက ပြောဆိုထားပြီး ဒီလိုပုံစံမျိုးနဲ့ လမ်းခွဲရတဲ့အပေါ်မှာလည်း ရှက်ရွံ့မိတယ်လို့ ပြောပါတယ်။ “ဒီနေ့ ကျနော် ဘတ်ရှီးတပ်အသင်းနဲ့ လမ်းခွဲလိုက်ပါပြီ။ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ရှည်ရှည်နဲ့ အချိန်တော်တော်ကြာအောင် စောင့်ခဲ့ရပါတယ်။ ဒီလိုကိစ္စမျိုးဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဖြစ်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ အသင်းတာဝန်ရှိသူတွေဘက်က ဒီပြဿနာကို ဖြေရှင်းဖို့ မကြိုးစားခဲ့သလို လစာလျှော့ယူပေးမယ့် ကျနော့်အစီအစဉ်ကိုလည်း ငြင်းဆန်ခဲ့ကြပါတယ်။ ကျနော် ဒီအသင်းမှာ ပျော်ရွှင်ခဲ့ရပြီးတော့ ကျနော့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေနဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ကာရီးရက်စ်က ရေးသားထားပါတယ်။ ဒီစာသားနဲ့အတူ သူ့ကို ဘတ်ရှီးတပ် ပရိသတ်တွေ ကြိုဆိုနေတဲ့ပုံနဲ့ ဘတ်ရှီးတပ်မှာ ကစားခဲ့တဲ့ ပုံရိပ်တွေ ပါဝင်တဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း တင်ထားပါတယ်။ အသက် ၂၆ နှစ်အရွယ် ကာရီးရက်စ်ဟာ ဘတ်ရှီးတပ်အသင်းအတွက် ဒီရာသီမှာ ၂၅ ပွဲ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဘတ်ရှီးတပ်ဘုတ်အဖွဲ့ဝင်တဦးကတော့ ကာရီးရက်စ်ဟာ ဘုတ်အဖွဲ့ကနေ ထွက်ခွာလိုနေပြီး သူ့ရဲ့ လစာတောင်းဆိုမှုတွေဟာလည်း မျှတမှုမရှိဘူးလို့ မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဘတ်ရှီးတပ်နဲ့ အငှားစာချုပ် ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် ကာရီးရက်စ်ဟာ မိခင်ကလပ် လီဗာပူးအသင်းကို ပြန်လည်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။  ဂျာမန်ဂိုးသမားဟာ ၂၀၁၈ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်းအတွက် ပွဲထွက်ခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဆိုးဆိုးရွားရွား အမှားနှစ်ခု ကျူးလွန်ခဲ့တာကြောင့် အသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပြီး အဲဒီအချိန်ကတည်းက လီဗာပူးအသင်းမှာ ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သူ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up