A d v e r t i s e m e n t With Us

ဂိုးသမား အိုနာနာကို အေဂျက်ဇ်အသင်းက  ပေါင် ၂၅ သန်းဖြင့် ရောင်းထုတ်မည်

ဓာတ်ပုံ - ရိုက်တာ
ချဲလ်ဆီးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပစ်မှတ်ဂိုးသမား အိုနာနာကို သတ်မှတ်ထားတဲ့ ဈေးနှုန်းရရင် ရောင်းထုတ်သွားမယ်လို့ အေဂျက်ဇ်အသင်းဘက်က ထုတ်ပြန်လိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကင်မရွမ်းဂိုးသမားဟာ ဥရောပထိပ်သီးအသင်းကြီးတွေ မျက်စိကျနေတဲ့ နောက်ထပ် အေဂျက်ဇ်ကစားသမားတဦးဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းကနေ ထွက်ခွာချင်တယ်လို့ ဝန်ခံထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ ထွန်းတောက်လာတဲ့ အေဂျက်ဇ် လူငယ်ကစားသမားတွေ ဖြစ်တဲ့ မားသီးယပ်ဒီလိုက်၊ ဖရန်ကီ ဒီဂျောင်နဲ့ ဟာကမ်ဇီယက်တို့ကို ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးအသင်းတို့က အသီးသီးခေါ်ယူသွားခဲ့ကြပြီဖြစ်ပြီး အခုချိန်မှာတော့ ဂိုးသမား အိုနာနာ အလှည့်ကို ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အိုနာနာဟာ ဘာစီလိုနာအသင်းရဲ့ လာမာစီယာအကယ်ဒမီထွက် ကစားသမားတဦးဖြစ်ပြီး လက်ရှိ ဂိုးသမား တာစတီဂန်ကို တွန်းအားဖြစ်စေဖို့အတွက် ဘာစီလိုနာအသင်းက သူ့ကို ပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ အိုနာနာအတွက် ဘာစီလိုနာအသင်းနဲ့ အပြိုင်ဖြစ်နေတာက ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်း ဖြစ်ပြီးတော့ အသင်းမှာ ရုန်းကန်နေရတဲ့ စံချိန်တင် ဂိုးသမား ကီပါရဲ့နေရာကို အစားထိုးဖို့ အိုနာနာကို စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေအရ အေဂျက်ဇ်အသင်းဟာ အိုနာနာကို ပေါင် ၂၅ သန်းရရှိရင်ရ ရောင်းထုတ်သွားမယ်လို့ သိရပြီးတော့ အေဂျက်ဇ်အသင်းနည်းပြက ဈေးနှုန်းကိစ္စအကြောင်းကို ပြောဆိုခဲ့ခြင်းမရှိပေမယ့် အသင်းကနေ ထွက်ခွာဖို့ကိုတော့ ခွင့်ပြုထားတယ်လို့ ပြောပါတယ်။  အေဂျက်ဇ်အသင်း နည်းပြ တန်ဟတ်က “အိုနာနာက ကျနော်တို့အတွက် တကယ့်ကိုအရေးပါတဲ့ ကစားသမားတဦး ဖြစ်ပြီးတော့ သူ့ကို မဆုံးရှုံးချင်ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ကျနော်တို့အချင်းချင်းကြား ရရှိခဲ့တဲ့ သဘောတူညီချက်အရ မှန်ကန်တဲ့အသင်း တသင်းသင်းဆီကသာ မှန်ကန်တဲ့ ကမ်းလှမ်းမှုတခုခု ရရှိလာမယ်ဆိုရင် သူ အသင်းကနေ ထွက်ခွာသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ လက်ရှိအချိန်အထိ သူ့အတွက် ဘယ်အသင်းကမှ မကမ်းလှမ်းသေးဘူးလို့လည်း ပြောပါတယ်။ ကစားသမားကိုယ်တိုင်က အေဂျက်ဇ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုထားပေမယ့် အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း ပြောကြားထားပြီး သူ့ကို စိတ်ဝင်စားနေတဲ့အသင်းများစွာ ရှိနေတာကြောင့် နောက်ရာသီမှာ ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up