Live
Home
မြန်မာသတင်း
ရေးမြို့နယ်တွင် လူနာများအား ဆေးရုံသို့ပို့ဆောင်ပေးမည့် စေတနာ့ဝန်ထမ်းများကို သင်တန်းပို့ချ
DVB
·
May 5, 2020
COVID-19 ကပ်ဘေးကာလမှာ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ဖျားနာလူနာတွေကို ဆေးရုံကိုပို့ဆောင်ရာမှာ ကူညီဖို့ မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းလာကြတဲ့ စေတနာ့ဝန်ထမ်းတွေကို သင်တန်းပို့ချပေးနေပါတယ်။ မေလ ၅ ရက် မနက်က ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမမှာ PPE ဝတ်စုံ စနစ်တကျဝတ်ဆင်နည်းတွေအပါအဝင် လူနာသယ်ယူရာမှာ စနစ်တကျရှိစေဖို့အတွက် သင်တန်းပို့ချပေးခဲ့တာပါ။ အရင်က ကျေးရွာတွေမှာ ဖျားနာလူနာတွေကို ဆေးရုံကိုပို့ဆောင်ရာမှာ စိုးရိမ်စိတ်တွေကြောင့် နှောင့်နှေးကြန့်ကြာတာတွေရှိခဲ့ပြီး အလားတူ ထပ်မံမဖြစ်ပွားစေရေးနဲ့ လူနာတွေသယ်ယူရာမှာ အန္တရာယ်ကင်းစွာနဲ့ ဆေးရုံသို့ပို့ဆောင်နိုင်ရေး ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ပေးခဲ့တာပါ။ ရေးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက "သံသယလူနာဖြစ်စေ၊ Dead body အလောင်းသယ်ဖို့ဖြစ်လာရင်ဖြစ်စေ ဘာတွေလုပ်သင့်သလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာကို ကျန်းမာရေးဌာန အကူအညီနဲ့ သင်တန်းပို့ချတာပါ။ ခု စိုးရိမ်မှုရှိနေတာက စနစ်တကျ ဘယ်လိုကိုင်တွယ်ရမလဲ မသိလို့ပါ။ လူနာတွေဆီ သွားတဲ့နေရာမှာ ကျေးရွာအလိုက် စေတနာ့ဝန်ထမ်းတွေက ခွဲဖြန့်ပြီးလုပ်ထားတာဖြစ်လို့ အနီးဆုံးအဖွဲ့ကသွားပြီး လုပ်ဆောင်ရင် လျင်မြန်မှုတက်လာမယ်၊ တာဝန်တွေခွဲဝေတာဖြစ်လို့ ဝန်လည်းမပိတော့ဘူး၊ တစ်ခုခုဖြစ်လာရင် မြို့နယ်ကော်မတီက သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းကိုပြောပြီး လူနာသယ်ဖို့၊ ဒေသခံကျန်းမာရေးဝန်ထမ်းတွေကို ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ဒီမြို့နယ်မှာ Outbreak ဖြစ်လာခဲ့ရင် အလျင်အမြန်တုံ့ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်တာပေါ့" လို့ ဒီဗွီဘီကို ပြောပါတယ်။ အရပ်ဘက်အဖွဲ့တွေအနေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် လိုအပ်လာမယ့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတွေအပါအဝင် အစစအရာရာ ပံ့ပိုးသွားဖို့ စီစဉ်ထားတယ်လို့လည်း  ရေးမြို့နယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ပြောပါတယ်။ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်အဖွဲ့တွေနဲ့ ရေးမြို့ပြည်သူ့ဆေးရုံက ဦးဆောင်ကျင်းပတဲ့ အဲဒီသင်တန်းကို မြို့ပေါ်ရပ်ကွက်က စေတနာ့ဝန်ထမ်း ၁၂ ဦး၊ ကျေးရွာအသီးသီးက ၂၈ ဦး စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့တာပါ။ စေတနာ့ဝန်ထမ်း ကိုမိုးသုန်သုန်ထွန်းကတော့ '' မိမိကိုယ်ကျိုးမဟုတ်ဘဲ မိမိမြို့ရွာအတွက် နိုင်တဲ့နေရာက အုတ်တစ်ချပ်သဲတစ်ပွင့်နဲ့ ရိုးရှင်းစွာနဲ့ ရခဲတဲ့လူ့ဘဝ​အချိန်လေးမှာ ကူညီဆောင်ရွက်လိုတာရယ်၊ အများသူတွေ မလုပ်တဲ့အလုပ်ကို စေတနာအပြည့်ထားပြီးတော့ ဝါသနာတူ စေတနာဝန်ထမ်း ညီအကိုမောင်နှမများနဲ့ ဝိုင်းဝန်းပြီးတစ်ထောင့်တစ်နေရာအဖြစ် ကူညီလိုလို့ပါ " လို့ ပြောပါတယ်။ ရေးမြို့နယ်သို့ ပြည်ပကနေ ပြန်လာသူ ၇၀၀ ထပ်မံဝင်ရောက်လာဖို့ လျာထားပြီး စောင့်ကြည့်ရေးစခန်း ၇ ခုဖွင့်လှစ်ကာ အဆင်သင့်ပြင်ဆင်ထားရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ သတင်း- ဝင်းနိုင်သက်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024