ဂျာမနီတွင် COVID-19 ကူးစက်ခံရသူ အရေအတွက် အစိုးရထုတ်ပြန်ထားတာထက် ၁၀ ဆပိုများနိုင်

ဂျာမနီနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံအဖြစ် အစိုးရအတည်ပြုထုတ်ပြန်ထားတဲ့ လူဦးရေထက်စာရင် တကယ်ကူးစက်ခံရသူဦးရေက ၁၀ ဆပိုများနိုင်တယ်လို့ ဘွန်းတက္ကသိုလ်က သုတေသနပညာရှင်တွေက ကောက်ချက်ချ လိုက်ပါတယ်။ အဆိုးဝါးဆုံး ကူးစက်ခံရတဲ့ မြို့တွေထဲကတမြို့ကို ကွင်းဆင်းစစ်ဆေးအပြီး ခုလို ကောက်ချက်ချလိုက်တာပါ။ ကနဦး လေ့လာမှုရလဒ်ကို သိပ္ပံပညာရပ်ဂျာနယ်မှာ ထုတ်ဝေဖြန့်ချိဖို့ သုံးသပ်မှုတော့ မလုပ်ရသေးပါဘူး။ ဒါဟာရောဂါလက္ခဏာမပြဘဲ အသံတိတ် ဗိုင်းရပ်စ်ပိုး သယ်ဆောင်သူတွေ ကြောင့် ကူးစက်မှုရဲ့အန္တရာယ်ကို မီးမောင်းထိုးပြနေတယ်လို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ဂျာမနီနိုင်ငံဟာ မေလ ၄ ရက်က စပြီး ကူးစက်မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေး လိုက်ပါတယ်။ ပြတိုက်တွေ ဆံပင်အလှပြင်ဆိုင်တွေ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ကားစက်ရုံ တွေကို တင်းကြပ်တဲ့ သတ်မှတ်ချက်တွေအောက်မှာ ပြန်ဖွင့်ဖို့ ခွင့်ပြုပေးလိုက်အပြီးမှာ ဒီသုတေသန စစ်တမ်း ထွက်လာတာပါ။ ဂျာမနီနိုင်ငံထဲမှာ ကူးစက်ခံ အတည်ပြုလူနာဦးရေ ၁၆၀၀၀၀ ရှိပေမယ့် လူ ၁ ဒသမ ၈သန်း အထိကူးစက်ခံရပြီးလောက်ပြီလို့ ဆေးဘက် သုတေသနပညာရှင် ဟန်းဒရစ်စထရက်ခ်နဲ့ ဂန်သာဟာ့တ်မဲန်းတို့ဦးဆောင်တဲ့ သုတေသန အဖွဲ့က ကောက်ချက်ချထားပါတယ်။  သုတေသန ပညာရှင်တွေဟာ COVID-19 ကူးစက်ခံ သေဆုံးသူ ဦးရေနဲ့ ကနဦး ကူးစက်ခံ ဒေသခံတွေရဲ့ အရေအတွက်ကို ခန့်မှန်း စစ်တမ်း ကောက်ခဲ့တာပါ။  ကူးစက်ခံရသူ ၅ ယောက်မှာ ၁ ယောက်နှုန်းက ရောဂါလက္ခဏာ မပြတာကို သုတေသန ပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up