စစ်ကိုင်းတွင် အသက် ၆၀ ကျော် စိတ်ဝေဒနာရှင်အမျိုးသမီး ၁ ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ
Aung Ko Latt
·
May 5, 2020
စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်၊ ငါးထပ်ကြီးဘုရားမြောက်ဘက် ဓမ္မာရုံအောက်မှာ အသက် ၆၅ နှစ်အရွယ် စိတ်ဝေဒနာရှင် အမျိုးသမီးကြီးတဦးကို လူငယ် ၂ ဦးက အဓမ္မပြုကျင့်သတ်ဖြတ်မှု မေလ ၃ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့တယ်လို့ မြို့မရဲစခန်းက သိရပါတယ်။
မိခင်ဖြစ်သူကို မုဒိမ်းကျင့်ခံထားရတဲ့ အနေအထားနဲ့ ငါးထပ်ကြီး ဘုရားအနီးက ဓမ္မာရုံမှာ တွေ့ရလို့ သားဖြစ်သူက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။
ကျူးလွန်သူတွေကို အချိန်တိုအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုကြောင့် ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူး ကျော်ဇင်ထွေးက ပြောပါတယ်။
“ပြည်သူတွေ၊ နယ်ထိန်းတွေ ပူးပေါင်းမှုနဲ့ ဖမ်းဆီးနိုင်ခဲ့တာပါ။ သူ့သားတယောက် ရောက်လာတယ်။ သူ့အမေ စိတ်ဝေဒနာရှင်ဖြစ်နေတာ ၁၉ နှစ်လောက်ရှိပြီပေါ့။ အနီးအနား သွားလာနေသူလို့ သိရပါတယ်။”
ဒီအမှုနဲ့ပတ်သက်ပြီး ဇင်မျိုး(ခ)ဂျက် (၂၄ နှစ်၊ ကျောင်းတော်ကြီးကျေးရွာ)နဲ့ အောင်ကျော်ထက် (ခ) ဆိုးပေ (၁၇ နှစ်၊ ရွှေမင်းဝံရပ်ကွက်၊ စစ်ကိုင်းမြို့) နေသူတို့ ၂ ဦးကို ရဲက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်တွေအရ အရက်သေစာ သောက်စားကာ ကာမစိတ်လွန်ကဲလို့ ကျူးလွန်မိကြောင်း ထွက်ဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုတော့ စစ်ကိုင်းမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၂/၂၀၂၀၊ (ပ) ၄၃၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၇၆ တို့နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေပါတယ်။