ပုသိမ်ရေပေါ်စျေး ပြန်ဖွင့်ခွင့်ပေးရန် စျေးသူစျေးသားများ တောင်းဆို
DVB
·
May 4, 2020
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ရေပေါ်စျေးကို သင်္ကြန်ရုံးပိတ်ရက်နဲ့အတူ ပိတ်ခဲ့ရတာကြောင့် ပြန်ဖွင့်ခွင့်ရပေးဖို့ စျေးသူစျေးသားတွေစုပေါင်းပြီး တိုင်းအစိုးရအဖွဲ့ကို တောင်းဆိုခဲ့ကြပါတယ်။
အမှတ် ၂ ကမ်းနားလမ်းမှာရှိတဲ့ ညပိုင်းဖွင့်ရတဲ့ ရေပေါ်စျေးကို ဧပြီ ၁၂ ရက်နေ့က စတင်ပြီး သင်္ကြန်ရုံးပိတ်ရက်နဲ့အတူ ပိတ်ထားခဲ့လို့ စျေးသူ စျေးသား ၆၀ ကျော်စုပေါင်းပြီး တိုင်းအစိုးရ အဖွဲ့ထံ တင်ပြတောင်းခံထားတယ်လို့ စျေးသည်တွေက ပြောပါတယ်။
“၁၂ ရက်နေ့က စပိတ်တာ ခုပြန်ဖွင့်ရမယ့်အချိန်ရောက်တော့ ထပ်ပိတ်တယ်ဆိုပြီး စာလာ ကပ်သွားပါတယ်၊ စာလာကပ်တဲ့အချိန်မှာလည်း ပြောသွားပါတယ်၊ ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်ဆိုပြီး။ ပိတ်ထားတဲ့ ရက်က ၂၀ ကျော်လာပြီဆိုတော့ တော်တော်စားဝတ်နေရေး အခက်အခဲဖြစ်လာလို့ ခုတော့ အစိုးရအဖွဲ့ကို တောင်းဆိုထားပါတယ်” လို့ ဒေါ်မိုးမိုးအေးက ပြောပါတယ်။
ပုသိမ်ရေပေါ်စျေးမှာ အဝတ်အစားပုံရောင်းတဲ့ဆိုင်တွေနဲ့ စားစရာဆိုင်တွေ အများဆုံးရှိကာ ပန်းသည်တွေလည်းရှိတာမို့ အခြားစျေးများနည်းတူ ပြန်ဖွင့်ခွင့်ရလိုပြီး စျေးပြန်လည် ဖွင့်လှစ်ခွင့်ရပါက ကျန်းမာရေးနဲ့အညီ Mask တပ်တာတွေ၊ လက်အိတ်အသုံးပြုတာတွေနဲ့ ဆိုင်ခန်းအကွာအဝေးခြားကာ ရောင်းချတာတွေပြုလုပ်သွားမယ်လို့ စျေးသည်တွေက ပြောပါတယ်။
ပိတ်ထားခံရတဲ့ ရေပေါ်စျေးမှာ မြစ်အတွင်းဘက် ၄၅ ပေထုတ်ကာ တည်ဆောက်ထားတာ ဖြစ်ပြီး အလျား ၄၃၀ ပေရှိတဲ့ ကွန်ကရစ်ကြမ်းခင်းထားသလို ကားပါကင်အတွက် နေရာ ပေ ၄၅၀x၆၅ ပေ သီးသန့်ပါရှိတဲ့ စျေးလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်းအတွင်းက စည်ပင်လက်အောက်ခံစျေးတွေထဲက စျေးဆိုင်တွေကို အခြေခံစား သုံးကုန်နဲ့ ဆေးဆိုင်တွေလွဲပြီး ကျန်စျေးဆိုင်တွေကို ယာယီပိတ်ခိုင်းထားကာ ပျံကျစျေးအချို့ ကိုတော့ နေရာရွှေပြောင်းရောင်းချခိုင်းထားပါတယ်။
မင်းထက်မုန်း (ပုသိမ်)