ထိုင်းတွင် ကိုရိုနာကာကွယ်ရေး တားမြစ်ချက် ပယ်ဖျက်၊ ဘန်ကောက်တရုတ်တန်း လူစည်ကား

Reuters
2K
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က လမ်းဘေးစားသောက်ဆိုင်တွေကြား ကျော်ကြားတဲ့ တရုတ်တန်းမှာ မေလ ၃ ရက်က လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေပါတယ်။
ကျန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ စတင်လျော့ကျလာလို့ တချို့စီးပွားရေးလုပ်ငန်းတွေကို မဖွင့်အောင် တားမြစ်ပိတ်ပင်ထားတာကို အစိုးရက ပယ်ဖျက်ပေးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အချိန် ၁ လကျော်ကြာ ပိတ်ခိုင်းထားပြီးတဲ့ နောက်မှာ လေဟာပြင်ဈေးတွေ၊ လမ်းဘေးစားသောက်ဆိုင်တန်းတွေ၊ ကုန်တိုက်တန်းတွေ၊ အပြင်ဘက်က စားသောက်ဆိုင်တွေ၊ ပန်းခြံတွေ၊ ဆံပင် ညှပ်ဆိုင်တွေနဲ့ အိမ်မွေးတိရစ္ဆာန် အလှပြင်ဆိုင်တွေကို မေ ၃ ရက်က စပြီး ပြန်ဖွင့်ဖို့ အစိုးရက ခွင့်ပြုခဲ့ပါတယ်။
ဆိုင်ရှင် အများအပြားက ဖောက်သည်တွေ သီးခြားစားပွဲတွေမှာ ထိုင်ကြဖို့နဲ့ စားစရာဝယ်ဖို့ တန်းစီချိန်မှာ တယောက်နဲ့ တယောက် အနည်းဆုံး ၃ပေ ခြားရပ်ပြီး တန်းစီကြဖို့ တိုက်တွန်းနေကြပါတယ်။
တရုတ်တန်းကို နေ့တိုင်းဖြတ်ပြီး သွားလေ့ရှိတဲ့ ဒေသခံ တယောက်ကတော့ တရုတ်တန်း လမ်းဟာ မကြာခင် အရင်လို ပြန်စည်ကားလာမယ်ဆိုတာ သေချာတယ်လို့ ပြောပါတယ်။
တနင်္ဂနွေနေ့က စပြီး ထိုင်းနိုင်ငံမှာ အရက်ရောင်းခွင့် တားမြစ်မှုကို အဆုံးသတ် ခဲ့ပါတယ်။ ဒါပေမယ့် ညမထွက်ရအမိန့်ကတော့ ဆက်ပြီး အသက်ဝင်ဆဲပါ။
ထိုင်းနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ၂၉၈၇ ယောက် ရှိပြီး ကူးစက်ခံ ၅၄ ယောက် သေဆုံးခဲ့ပါတယ်။