Live
Home
မြန်မာသတင်း
ဧပြီလအတွင်း စစ်ကိုင်းတိုင်း၌ လေပြင်းတိုက်ခတ်မှု ၅၇ ကြိမ်ဖြစ်ပွား
DVB
·
May 4, 2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ ၁၂ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၃ ပတ်တာ ကာလအတွင်း လေပြင်းတိုက်ခတ်မှု ၅၇ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။  လေပြင်းတိုက်ခတ်မှုအများဆုံးကို အင်းတော်မြို့နယ်က ကြုံတွေ့ခဲ့ရပြီး ၅ ကြိမ်ထိရှိခဲ့ကာ မင်းကင်းမြို့နယ်က ၄ ကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ပါတယ်။  မုံရွာ၊ ယင်းမာပင်၊ စစ်ကိုင်းနှင့် နာဂ ၃ မြို့နယ်ကတော့ လေပြင်းကြောင့် ထိခိုက်မှု မရှိခဲ့ပါဘူး။  ဧပြီလအတွင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် နေအိမ် ၃၅ လုံး ပြိုကျပျက်စီးခဲ့ပြီး ၁၇၇၅ လုံး၊ ဘာသာရေးအဆောက်အဦ အလုံး ၄၀၊ အိမ်ထောင်စု ၁၈၁၀ က လူဦးရေ ၈၇၃၀ လေဘေးသင့်ခဲ့ပါတယ်။  လေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ် ၆၄ သန်းခန့် ဆုံးရှုံးခဲ့ရသလို နိုင်ငံတော်အနေနဲ့လည်း လေဘေးသင့်အိမ်ထောင်စုတွေကို ငွေကျပ် ၇၈၇ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။  လေဘေးကြောင့် သေဆုံး ဒဏ်ရာရသူတော့ မရှိခဲ့ပေမယ့် တခြားသော မီးဘေးတွေလည်းရှိနေပြီး မိုးကြိုးဘေးတွေကြောင့် သေဆုံးမှုတချို့တော့ ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန စာရင်းတွေအရ သိရပါတယ်။ မိုးကြိုးဘေးက အခုနှစ်အတွင်း အနည်းဆုံး ၃ ကြိမ် ရှိပြီဖြစ်ကာ လူ ၂ ဦးအပါအဝင် တိရစ္ဆာန်အချို့လည်း သေဆုံးမှု ရှိနေပါတယ်။ မိုးကြိုးဘေးကလည်း တနှစ်ထက် တနှစ် များလာတဲ့ သဘာဝဘေးအန္တရာယ်တခုဖြစ်လာနေပါတယ်။  စစ်ကိုင်းတိုင်းအတွင်း မိုးသက်လေပြင်းကျရောက်မှုက မနှစ်ကထက် ၁ လလောက် နောက်ကျခဲ့ပြီး အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်လာနေတာပါ။ မိုးကြိုကာလမှာ ဖြစ်ပေါ်တတ်တဲ့ မိုးသက်လေပြင်း၊ မိုးကြိုးဘေးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ အသိပညာပေးတာတွေ ပြုလုပ်နေပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024