Home
မြန်မာသတင်း
ရသေ့တောင်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့နှင့် အေအေအဖွဲ့ ပစ်ခတ်မှုဖြစ်
DVB
·
May 3, 2020
ရခိုင်ပြည်နယ်- ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာ အရက်ဆိုင်တခုမှာ မေလ ၂ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို အေအေအဖွဲ့က လာရောက်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး နယ်ခြားစောင့် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒုံးပိုက်ကျေးရွာကင်းစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “သူတို့က အရက်သောက်နေကြတာ မဟုတ်ဘူးဗျ။ စျေးသွားဝယ်ကြတာ။ အဲဒီမှာ အေအေအဖွဲ့က ကိုတန်ကောက်ဘက်က ကားနဲ့ရောက်လာပြီး ပစ်တာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အကျအဆုံးတော့ မရှိပါဘူး။ တဦး ဒဏ်ရာရတယ်။ မောင်တောဆေးရုံကို ပို့ထားတယ်။” ဒုံးပိုက်ကျေးရွာ ပစ်ခတ်မှုကြောင့် ရဲတပ်သား ညီညီနိုင် ညာဘက်တင်ပါး လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာ ၁ ချက်၊ ညာခြေသလုံး ရှပ်ထိဒဏ်ရာ ၁ ချက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသားတွေ ထွက်ပြေးခဲ့ကြပြီး ရွာသား ဦးမြင့်စိုးကို ဒုံးပိုက်ကင်းစခန်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆွေမျိုးတော်စပ်သူ ဒေါ်ခင်စောရီက ပြောပါတယ်။ ဖမ်းဆီးခံရသူ ဦးမြင့်စိုးမှာ ကျေးရွာအတွင်း လက်သမားအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူ ဖြစ်ပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားတာနဲ့ပတ်သက်ပြီး အေအေအဖွဲ့ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးသလို ဆက်သွယ်မေးမြန်းလို့လည်း မရပါဘူး။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024