ဧပြီ ၂၉ ရက်မှ မေ ၃ ရက်ထိ ကိုဗစ်-၁၉ လူနာသစ် ၂ ဦးသာရှိ
DVB
·
May 3, 2020
ဧပြီ ၂၉ ရက်နေ မေ ၃ ရက်ထိ ကိုဗစ်-၁၉ လူနာသစ် ၂ ယောက်ပဲ ရှိခဲ့ပြီး ရောဂါကင်းစင်လာသူ ၃၇ ယောက်ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေက ဆိုပါတယ်။
ဧပြီ ၂၉ ရက် မနက် ၇ နာရီထုတ်ပြန်ချက်အရ စောင့်ကြည့်လူနာနဲ့ အသွားအလာ ကန့်သတ်ထားရှိသူတွေရဲ့ ဓာတ်ခွဲနမူနာ ၂၆၈ ခုကို စစ်ဆေးရာမှာ ၁ ယောက်မှာ ပိုးတွေ့ခဲ့ပြီး စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ အယောက် ၁၅၀ ဖြစ်လာပါတယ်။
အဲဒီနေ့မနက်မှာပဲ သွေးတိုးနဲ့ အမျိုးအစား ၂ ဆီးချိုရောဂါအခံရှိသူ အသက် ၆၃ နှစ်အရွယ် ဓာတ်ခွဲအတည်ပြုလူနာအမှတ် ၁၁၀ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးတာ၊ အသက်ရှူလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်တာနဲ့ ရုတ်တရက် ကျောက်ကပ်ပျက်စီးတာတို့ကြောင့် သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆ ယောက် ရှိခဲ့ပါတယ်။
ဧပြီ ၂၉ ရက် ညနေမှာ ဓာတ်ခွဲနမူနာ ၁၁၀ ကို စစ်ဆေးပြီး လူနာသစ်မတွေ့သလို ဧပြီ ၃၀ ရက် မနက်အစောပိုင်း ဓာတ်ခွဲနမူနာ ၁၈၄ ခု၊ ဧပြီ ၃၀ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၂၉ ခုတို့ရဲ့ အဖြေမှာလည်း လူနာသစ် မတွေ့ခဲ့ပါဘူး။
မေ ၁ ရက် မနက် ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးပြီးစီးခဲ့ရာမှာ အတည်ပြုလူနာသစ် ၁ ယောက် ထပ်တွေ့တာကြောင့် ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ယောက် ဖြစ်လာပါတယ်။
မေ ၁ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၉၆ ခု၊ မေ ၂ ရက် ညပိုင်းမှာ ဓာတ်ခွဲနမူနာ ၂၄၄ ခု၊ မေ ၃ ရက် မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၃၄ ခုကို စစ်ဆေးပြီးခဲ့ပြီး လူနာသစ် မရှိခဲ့ပါဘူး။
ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်းယူပြီး ပိုးကင်းစင်လာတာကို စစ်ဆေးနေတာကြောင့် မေ ၂ ရက် စစ်ဆေးချက်အရ လူနာအမှတ် ၅၃၊ ၇၀၊ ၇၁၊ ၇၃၊ ၇၅ နဲ့ ၈၅ တို့ရဲ့ ဓာတ်ခွဲနမူနာတွေမှာ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့ဘဲ ရောဂါပိုး ကင်းစင်လာသူ စုစုပေါင်း ၃၇ ယောက် ရှိလာပြီ ဖြစ်ပါတယ်။
မေ ၁ ရက်နေ့မှာ ရောဂါပိုးကင်းစင်လာသူ ၁၀ ယောက် ( လူနာအမှတ် ၂၊ ၈၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ တို့ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်လို့ မေ ၂ ရက်အထိ ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၇ ယောက်ရှိပြီး သူတို့ကို သတ်မှတ်နေရာတွေမှာ အသွားအလာကန့်သတ်ထားပါတယ်။
ကျန်နေတဲ့ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၈ ယောက်ကို သက်ဆိုင်ရာဆေးရုံတွေမှာ ကုသပေးနေပြီး ၂ ယောက်ကိုတော့ အထူးကြပ်မတ်ကုသခန်းမှာ ကုသပေးနေရပါတယ်။