Home
မြန်မာသတင်း
အင်တာနက် အပိတ်ခံရသည့် မြို့နယ်များထဲက မောင်တောမြို့ကိုသာ ပြန်ဖွင့်ပေး
DVB
·
May 3, 2020
ရခိုင်ပြည်နယ်မှာ အင်တာနက်အပိတ်ခံထားရတဲ့ မြို့တွေအနက် မောင်တောနယ်စပ်မြို့ကိုသာ အင်တာနက်ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် Mytel ကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဇော်ထွန်းအောင်က “မောင်တော တမြို့တည်းကိုသာ အင်တာနက်ဖွင့်ပေးဖို့ ညွှန်ကြားထားပါတယ်။ ကျန်နေတဲ့ မြို့နယ်တွေ မပါသေးပါဘူးခင်ဗျ။ မောင်တောကို အင်တာနက်ဖွင့်ပေးတာ ဘယ်အချိန်ထိလို့ ကန့်သတ်ထားချက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။ မောင်တောမြို့နယ်အတွင်း မေ ၂ ရက်နေ့ ည ၁၀ နာရီကစပြီး MPT၊ Mytel၊ Telenor၊ Oredoo စတဲ့ ဖုန်းအော်ပရေတာတွေအားလုံး အင်တာနက် ပြန်အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ ခု ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ပြီး ၆ လလောက် ကြာနေပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေမှာ အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်မှာတော့ အဲဒီမြို့နယ် ၄ ခုမှာ အင်တာနက် ပြန်လည်ဖြတ်တောက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှ မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁၁ လလောက် ကြာမြင့်လာခဲ့ပြီး မောင်တော တမြို့တည်းကိုသာ အင်တာနက် ပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ကျမတို့ကတော့ အပိတ်ခံထားရတဲ့ မြို့အားလုံးကို ဖွင့်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က ကမ္ဘာကပ်ရောဂါ COVID-19 ဖြစ်ပွားနေတယ်။ အင်တာနက်ဖွင့်ထားရင် ရောဂါကာကွယ်မှု ရှောင်ရန် ဆောင်ရန်တွေကို ပြည်သူတွေ မိမိဘာသာ လေ့လာနိုင်မယ်။ အခုက ရောဂါအကြောင်း သတင်းအချက်အလက်တွေ ဘာမှမရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။ မောင်တောမြို့မှာ အေအေနဲ့ တပ်မတော် စစ်ရေးအရ ထိတွေ့မှုနည်းပါးပြီး စစ်ရေးအရ သက်ရောက်မှုမရှိတဲ့ မြို့နယ်တခုဖြစ်တဲ့အတွက် ပြန်ဖွင့်ပေးရတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024