အိန္ဒိယတွင် ကုန်ကားစည်ပိုင်းထဲ လိုက်ပါလာသူ ရွှေ့ပြောင်းလုပ်သား ၁၈ ဦး ဖမ်းဆီးခံရ

Reuters
အိန္ဒိယနိုင်ငံအလယ်ပိုင်းက ရဲတွေဟာ ကွန်ကရစ်မွှေစက်တင်ကုန်ကားရဲ့ စည်ပိုင်းထဲမှာ ပုန်းပြီး လိုက်လာတဲ့ ရွှေ့ပြောင်းလုပ်သား ၁၈ ယောက်ကို မေ ၂ ရက်က ဖမ်းဆီးရမိခဲ့ကြပါတယ်။  နိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်တျာပြည်နယ်ကနေ လက်ခနောင်းမြို့ကို သွားဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လမ်းခုလတ် အင်ဒိုးမြို့က ပုံမှန်လမ်းဘေး ရဲကင်းစခန်းမှာ စစ်ဆေး ချိန်မှာ တွေ့ခဲ့ကြတာပါ။  သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ရှိ၊မရှိ စစ်ဆေးပြီးရင် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ထားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားရေး အသွားအလာ ကန့်သတ်ချက်ကို တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားလို့ ဆောက်လုပ်ရေး၊ အထည်ချုပ်နဲ့ အုတ်ဖုတ်လုပ်ငန်းတွေမှာ လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ခန့်မှန်းခြေ သန်း ၁၀၀ လောက် ဒုက္ခတွေ့ခဲ့ကြပါတယ်။  လုပ်သားအများအပြားက သူတို့ အိမ်ကိုပြန်ဖို့ ခရီးထွက်ခဲ့ကြလို့ နိုင်ငံတလွှား မြို့ကြီးတွေ ကနေ ကိုရိုနာဗိုင်းရပ်စ်ကို သယ်ဖြန့်သလို ဖြစ်မှာကို စိုးရိမ်မှု တိုးလာခဲ့ပါတယ်။  သောင်တင်နေတဲ့ လုပ်သားတွေ၊ ဘုရားဖူးတွေ၊ ခရီးသည်တွေနဲ့ ကျောင်းသားတွေ အိမ်ပြန်ဖို့ အထူးရထားတွေ စီစဉ်ပေးရေး အစိုးရက မေ ၁ ရက်မှာ အမိန့်ထုတ်ခဲ့ပါတယ်။  အိန္ဒိယနိုင်ငံမှာ မေ ၃ရက်ထိ စာရင်းအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြုလူနာ ၄၀၀၀၀ နီးပါးရှိပြီး ကူးစက်ခံ ၁၂၃၂ ယောက် သေဆုံးခဲ့ပါတယ်။  ဒါပေမယ့် သန်းနဲ့ချီတဲ့လူတွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အတွက် အမှန်တကယ် ကူးစက်ခံ အရေအတွက်က ပိုများနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။   

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up