တောင်ကြီးမြို့က ယာယီဈေးရောင်းချချိန် တိုးပေးရန် ဈေးသည်များ တောင်းဆို
DVB
·
May 2, 2020
COVID-19 ထိန်းချုပ်ကာကွယ်ရေးကာလမှာ လူစုလူဝေးမဖြစ်စေဖို့ တောင်ကြီးမြို့မှာ ရပ်ကွက်အလိုက် ယာယီဈေးတွေ ဖွင့်လှစ်ပေးထားတာကို အချိန် တိုးပေးဖို့ ဈေးသည်တွေက တောင်းဆိုခဲ့ကြပါတယ်။
အဲဒီလို ယာယီဈေး ရောင်းချတဲ့အချိန်ကို မနက် ၆ နာရီကနေ မနက် ၁၀ နာရီအထိသာ သတ်မှတ်ထားပြီး ဈေးရောင်းချသူတွေ အဆင်မပြေတာကြောင့် ရောင်းချချိန်တိုးပေးဖို့ လိုအပ်တယ်လို့ ဈေးသည်တွေက ပြောပါတယ်။
မနက် ၁၀ နာရီအချိန်ဟာ ဈေးဝယ်ယူသူ များတဲ့အချိန်ဖြစ်တဲ့အတွက် အဲဒီအချိန် နောက်ဆုံးထားပြီး ရောင်းချရတာကြောင့် ကုန်ပစ္စည်းတွေ မကုန်ဘဲ ပျက်စီးသွားလို့ အရင်းပြန်မရတာတွေ ကြုံတွေ့နေရတယ်လို့ ကုန်စိမ်းရောင်းချသူတဦးက ဆိုပါတယ်။
တောင်ကြီးမြို့မှာတော့ COVID-19 ထိန်းချုပ်ကာကွယ်ရေးကာလမှာ စည်ပင်ဈေးတွေပိတ်ထားပြီး အစိုးရက ယာယီဈေးတွေ ရပ်ကွက်အလိုက် နေရာချပေးပြီး ရောင်းချခွင့်ပြုထားတယ်လို့ အမှတ် ၅ ယာယီဈေးကော်မတီ ဥက္ကဋ္ဌက ပြောပါတယ်။
တောင်ကြီးမြို့မှာ ရပ်ကွက်အလိုက် ယာယီဈေး ၉ ခုဖွင့်ထားပြီး ရောင်းချသူနဲ့ ဈေးဝယ်သူတွေ mask တပ်ဆင်ဖို့၊ လက်အိတ်စွပ်ဖို့နဲ့ တဦးနဲ့တဦး ၃ ပေအကွာနေဖို့ စတဲ့အသိပညာတွေလည်း ဖြန့်ဝေထားပါတယ်။
ခွန်ရာဇာ