ကိုလုံးအသင်းတွင် လူ ၃ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

ဓာတ်ပုံ - ဂတ်တီအင်းမေ့ချ်
အသင်းထဲက လူ ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သူတို့ကို Quarantine ဝင်ခိုင်းထားတယ်လို့ ဘွန်ဒက်လီဂါကလပ် ကိုလုံးအသင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ ဂျာမာန်ကလပ်ဟာ မကြာသေးခင်ကမှ လေ့ကျင့်ခန်းဆင်းမှုကို ပြန်လည်ပြုလုပ်ခဲ့တာဖြစ်ပြီး ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်အားလုံး အပါအဝင် အသင်းဝန်ထမ်းတွေကိုလည်း ဆေးစစ်မှု လုပ်ဆောင်ခဲ့ပါတယ်။  ဒီဆေးစစ်မှုရလဒ်တွေအရ လူ ၃ ဦးမှာ ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာဖြစ်ပြီး သူတို့ကို နေအိမ်မှာ ၁၄ ရက် Quarantine ဝင်စေခဲ့တာဖြစ်ပါတယ်။ “သူတို့ရဲ့ပုဂ္ဂိုလ်ရေး အကြောင်းပြချက်တွေအတွက် ဒီလူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို အသင်းဘက်က ထုတ်ပြန်သွားမှာ မဟုတ်ပါဘူး။ ဧပြီ ၆ ရက်လေ့ကျင့်ရေး ပြန်လည်စတင်ချိန်ကတည်းက သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ လေ့ကျင့်ရေး အစီအစဉ်တွေကို သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” လို့ ကိုလုံးအသင်းက ကြေညာချက် ထုတ်ပြန်ကြေညာပါတယ်။ အသင်းဟာ ကစးသမားတွေ၊ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးကို ပထမဦးစားပေးအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ‌လေ့ကျင့်ရေးကွင်းမှာ ချမှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေအပေါ်ကိုလည်း ယုံကြည်မှုရှိတယ်လို့ အသင်းရဲ့ မန်နေဂျင်းဒါရိုက်တာ ဟို့စ်ဟဲ့က ပြောပါတယ်။ ဘွန်ဒက်လီဂါအသင်းတွေဟာ လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေကို ပြန်လည်စတင်နေပြီး အခုလအတွင်းမှာ ထုတ်ပြန်မယ့် လိဂ်ပွဲစဉ်တွေကို ဘယ်အချိန် ပြန်လည်စတင်မလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြပါတယ်။ ပြန်လည်စတင်ချိန်မှာ ပွဲစဉ်တွေကို တံခါးပိတ်ပြုလုပ်သွားမှာဖြစ်ပြီးတော့ မေလ ၉ ရက်နေ့ဟာ ပွဲစဉ်တွေ စတင်ဖို့အတွက် ဖြစ်လာနိုင်တယ်လို့ ဂျာမာမန်ဘောလုံးအဖွဲ့ချုပ် (DFL) က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမာန်အစိုးရတော့ ပွဲစဉ်တွေ ဘယ်အချိန်ပြန်စမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို မေ ၆ ရက်အထိ ကြေညာဦးမှာ မဟုတ်ဘူးလို့ ရွှေ့ဆိုင်းခဲ့တာကြောင့် ဂျာမာန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ မေ ၉ ရက်မှာ ဘောလုံးပွဲတွေ ပြန်စတင်ဖို့ဆိုတာ မသေချာသလောက်နီးပါး ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရွေ့ဆိုင်းလိုက်ရချိန်မှာ ကိုလုံးအသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိနေပါတယ်။ ဂျာမနီနိုင်ငံမှာတော့ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၆၄,၀၇၇ ဦးနဲ့ သေဆုံးသူ ၆၇၃၆ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up