စင်ကာပူတွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးမည်

767
လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးသွားမယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးက မေ ၂ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
နေအိမ်တွေတွေမှာ လုပ်ကိုင်တဲ့ လုပ်ငန်းတွေ၊ အဝတ်လျှော်ဖွပ်လုပ်ငန်းနဲ့ ဆံသဆိုင်လုပ်ငန်း စတဲ့ ရွေးချယ်ထားတဲ့ လုပ်ငန်းတချို့ကို မေ ၁၂ ရက်နေ့က စလို့ ပြန်လုပ်ကိုင်ခွင့်ပြုသွားမှာပါ။
ကျောင်းသားတချို့ကိုလည်း မေလ ၁၉ ရက်ကစပြီး ကျောင်းပြန်တက်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။
စီးပွားရေးအရ အရေးပါမှုနဲ့ ရောဂါပိုး ကူးစက်နိုင်ခြေ လျော့နည်းနိုင်စွမ်းကို ကြည့်ပြီး လုပ်ငန်းတချို့ကို ဖြည်းဖြည်းချင်းပြန်ခွင့်ပြုသွားမှာလည်း ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်နိုင်ရေး ကန့်သတ်ချက်တွေကြောင့် ၅၅ နှစ်အတွင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်။
ကန့်သတ်ချက်တွေဟာ ဇွန် ၁ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပြီး အလုပ်ခွင်နဲ့ ဈေးဆိုင် အများစု ပိတ်ပစ်တာတွေ ပါဝင်ပါတယ်။
စင်ကာပူမှာ မေ ၁ ရက်က ထပ်မံကူးစက်သူ ၉၂၃ ယောက် ရှိခဲ့ပြီး စုစုပေါင်း ကူးစက်သူ ၁၇,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၆ ယောက်ရှိပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။