COVID-19 ကပ်ဘေးကို ဗီယက်နမ် ဘယ်လိုထိန်းချုပ်ပြခဲ့သလဲ

ကိုရိုနာဗိုင်းရပ်စ်အသစ်ဖြစ်တဲ့ COIVD-19 ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ မြို့တွေ၊ ကျေးရွာတွေနဲ့ ဒေသပေါင်းစုံမှာ ပြန့်နှံ့ကူးစက်နေပါတယ်။ ဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာလုံးက သက်ရှိလူသားတွေရဲ့ အနာဂတ်အပေါ် သက်ရောက်မှုကြီးကြီးမားမားရှိလာနေပြီး သမားရိုးကျလူနေမှုဘဝတွေကို ပြောင်းလဲပစ်နေတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေဟာ လူသူကင်းမဲ့နေကြတယ်။ နေရာတိုင်းမှာ မဖြစ်မနေအလုပ်လုပ်ကြရမယ့်သူတွေနဲ့ ထိန်းသိမ်းကြပ်မတ်သူတွေကလွဲလို့ ဘယ်သူတွေမှ ရှိမနေကြတော့ဘူး။ လူတိုင်းနီးပါးဟာ နေအိမ်တွေထဲမှာ စိုးရိမ်ပူပန်မှုတွေနဲ့ တိုးပွားလာနေတဲ့ သတင်းဆိုးတွေ ရပ်တန့်သွားဖို့ မျှော်လင့်နေကြတယ်။ ခုလိုကပ်ဘေးမျိုးကို မြန်မာအပါအဝင် အာဆီယံဒေသတွင်းနိုင်ငံတွေအားလုံးလည်း ရင်ဆိုင်နေကြရသလို အရှေ့တောင်အာရှမှာ မြန်မာပြီးရင် တရုတ်ပြည်နဲ့ နယ်နိမိတ်ထိစပ်မှု ဒုတိယအများဆုံး တိုင်းပြည်ဖြစ်တဲ့ ဗီယက်နမ်နိုင်ငံဟာလည်း COVID-19 နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်။ လူဦးရေ ၉၅ သန်းမှီတင်းနေထိုင်ကြတဲ့ ဗီယက်နမ်ဟာ ဇန်နဝါရီလကတည်းက ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ အတည်ပြုလူနာ ၂၇၀ ကျော်သာတွေ့ရှိခဲ့ပြီး ၂၂၅ ဦးအထိ ပြန်လည်သက်သာလာအောင် ပြုစုစောင့်ရှောက်နိုင်ခဲ့သလို သေဆုံးသူလည်း တစ်ဦးမှမရှိသေးတာမို့ တစ်ကမ္ဘာလုံး စောင့်ကြည့်မှု ခံလာရတဲအထိပါပဲ။

ဗီယက်နမ်လျှောက်တဲ့လမ်း

လူဦးရေ ၅၀%ကျော်ကို ၂၀၀၂ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အကြား၁၆ နှစ်တာကာလအတွင်းမှာ လူဆင်းရဲဘဝကနေ ဆွဲထုတ်နိုင်ခဲ့တဲ့ ဗီယက်နမ်အုပ်ချုပ်သူတွေဟာ ကိုဗစ်ကပ်ဘေးကာလမှာလည်း သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းကို ဆက်လက်ပြသနိုင်ခဲ့ကြပါတယ်။ တိုင်းပြည်မှာ နည်းပညာနဲ့ အရင်းအမြစ်ပိုင်းဆိုင်ရာ အကန့်အသတ်တွေရှိနေပေမယ့် ဗီယက်နမ်တွေဟာ အစိုးရနဲ့ ပြည်သူအလက်တွဲညီညီနဲ့ ကပ်ဘေးကို ရင်ဆိုင်ခဲ့ကြတာပါ။ အစိုးရအာဏာပိုင်တွေဘက်ကလည်း ရှင်းလင်းတိကျပြီး ပြတ်သားတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေကို ချမှတ်ပေးခဲ့သလို အများစုသော လူထုကလည်း လိုက်နာခဲ့ကျပါတယ်။ ကျန်တဲ့ စုန်းပြူးတွေကိုတော့ အစိုးရပိုင်းက ဥပဒေနဲ့ ထိမ်းကွပ်တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို Global Health Security Index မှာ ရမှတ် ၈၃.၅ နဲ့ တစ်ကမ္ဘာလုံးမှာ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုင်ဆိုင်ထားတဲ့ တိုင်းပြည်မျိုး ကိုဗစ်ကပ်ဘေးကာလမှာ ရုပ်ပျက်ဆင်းပျက် အခြေအနေတွေနဲ့ ကြုံဆုံနေရချိန်မှာ ဗီယက်နမ်တွေ ဒီရောဂါကို ဘယ်လိုထိမ်းချုပ်ခဲ့ကြသလဲ။ လေ့လာကြည့်ရအောင်။
  • ကိုရိုနာဗိုင်းရပ်စ်ဟာ ဇန်နဝါရီလမှာ ဗီယက်နမ်ကို စတင်ရောက်ရှိလာပါတယ်။ အဲ့ဒီမတိုင်ခင်ကတည်းက ဝန်ကြီးချုပ် ငုယင်ရွှမ်ဖတ်ခ် ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ပွဲတစ်ခုရင်ဆိုင်သလို ရင်ဆိုင်ဖို့ ပြင်ဆင်ထားမယ်လို့ ကြိုတင်ကြေညာထားတာပါ။ ဗီယက်နမ်စစ်ပွဲကာလက တိုက်ပွဲဝင်စိတ်ဓာတ်မျိုးရှိနေရမယ်လို့ လှုံ့ဆော်တယ်။ “စက်ရုံတိုင်း၊ လုပ်ငန်းတိုင်း၊ မြို့ရွာတိုင်း၊ လူတိုင်းဟာ ဗိုင်းရပ်စ်ကို ကာကွယ်မယ့် ခံတပ်တွေဖြစ်အောင်လုပ်ကြ” လို့တိုက်တွန်းတယ်။
  • ဗီယက်နမ်ဟာ အရင်းအမြစ်ပိုင်းမှာ အားနည်းချက်နဲ့ မပြည့်စုံမှုတွေရှိနေတယ်။ ဒီတော့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို လက်ခံပြီး ကိုယ်လုပ်နိုင်တဲ့ ဘောင်ထဲကနေ အကောင်းဆုံးဆိုတာထက်ပိုအောင် အပြင်းအထန်ကြိုးစားတယ်။ လူသန်းနဲ့ချီကို တစ်ပြိုင်နက်တည်း မစစ်ဆေးနိုင်ချိန်မှာ ပိုးရှိသူတွေ့တာနဲ့ ဆက်စပ်သူအားလုံးကို အသေးစိတ်အကျဆုံးနဲ့ အလျှင်မြန်ဆုံး ချက်ခြင်း ခြေရာခံတယ်။ Quarantine ကျပ်ကျပ်မတ်မတ်တယ်။
  • Quarantine ရာမှာလည်း တကမ္ဘာလုံးနီးပါးမှာက ရောဂါပိုးရှိနေသူလူနာနဲ့ တိုက်ရိုက်ထိတွေ့သူတွေကိုပဲ Q ဝင်စေတာ၊ သီးခြားခွဲထားတာမျိုးတွေလုပ်တာ။ ဗီယက်နမ်ကကတော့ တိုက်ရိုက်ထိတွေ့ခဲ့သူအပြင် ဒုတိယ၊ တတိယ နဲ့ စတုတ္ထအဆင့် အဆင့်တွေခွဲပြီး ဆင်ကဲထိတွေ့ခဲ့သူတွေကိုပါ ခြေရာကောက်ပြီး ခွဲခြားစောင့်ကြည့်တယ်။ ဒီလုပ်ဆောင်ချက်ဟာ ရေရှည်မှာ ရောဂါကို ကောင်းကောင်း ထိမ်းချုပ်နိုင်စေရတဲ့ အဓိကအချက်ဖြစ်ခဲ့တယ်။
  • နောက်ပြီး ရောဂါပိုးကူးစက်မှုများလာနိုင်တဲ့ ဒေသတွေကို Lockdown အလျှင်အမြန်လုပ်တယ်။ ပိုးတွေ့သူ ၁၀ ဦးအထိ ရှိလာချိန် ဖေဖော်ဝါရီလဆန်းကတည်းက Lockdown တွေစလုပ်တယ်။
  • ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရောဂါဖြစ်ပွားနေတဲ့ တိုင်းပြည်တွေက ပြန်လာသူတွေကို စတင်ခွဲခြားစောင့်ကြည့်တယ်။ ၂၁ ရက်နေ့မှာ တရုတ်နယ်စပ်တစ်ခုလုံးကို Lockdown ချလိုက်တယ်။ တက္ကသိုလ်တွေနဲ့ ကျောင်းတွေကိုလည်း ခပ်မြန်မြန်ပိတ်တယ်။
  • မတ်လဆန်းမှာ လူတိုင်း အပြင်ထွက်ရင် Mask ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်တယ်။ အားသာချက်ကတော့ ဗီယက်နမ်ဟာ တင်းကျပ်တဲ့ လုံခြုံရေးစနစ်ကို ကျင့်သုံးတဲ့တိုင်းပြည်ဖြစ်တာမို့ တကယ်လုပ်ခိုင်းပြီး တကယ်အရေးယူတာပါပဲ။ အစိုးရရဲ့ လုပ်ရည်ကိုင်ရည်နဲ့ တကယ်အရေးယူမှန်းသိနေတဲ့ လူထုက တိတိကျကျလိုက်နာကျပါတယ်။
  • သတင်းပေးကွန်ယက်တွေကနေ ရောဂါကူးစက်နေသူလို့ သံသယရှိသူတွေ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချိုးဖောက်သူတွေကို သတင်းပေးတွေကနေတဆင့် အင်တိုက်အားတိုက် ဖော်ထုတ်တယ်။ အရေးယူစရာရှိရင်လည်း ပြတ်ပြတ်သားသားအရေးယူပစ်တယ်။
  • သူတို့တိုင်းပြည်မှာ လူနာစတင်တွေ့ရှိချိန်ကနေစလို့ ၃ လအတွင်းမှာ ရောဂါပိုး စစ်ဆေးမှုပေါင်း နှစ်သိန်းနီးပါးလုပ်နိုင်ခဲ့တယ်။ နိုင်ငံ့လူဦးရေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းသေးတာမှန်ပေမယ့် ပိုးကူးစက်ခံရသူ ၂၇၀ သာရှိတာမို့ ကူးစက်သူ နဲ့ စမ်းသပ်မှုအချိုးက ၁ း ၆၇၀ လောက်ရှိခဲ့တယ်။ ပြန်လည်သက်သာလာသူကလည်း ၂၂၅ ဦးအထိရှိတာမို့ ပျောက်ကင်းမှုနှုန်း ၈၃.၃% အထိရှိပါတယ် (ပိုးတွေ့သူ ၁၄၆ ဦးမှာ ၁၀ ဦးပြန်လည်သက်သာလာတာမို့ ပျောက်ကင်းနှုန်း ၆.၈% ရှိတဲ့ မြန်မာနဲ့ နှိုင်းယှဉ်နိုင်ပါတယ်)။ ဒါကြောင့် ဗီယက်နမ်ဟာ အောင်မြင်တယ်လို့ ဆိုနေကြတာပါ။
  • အရေးအပါဆုံးကတော့ တိုင်းပြည်မှာ စီးပွားရေးကျဆင်းမှုကြောင့် ငွေကြေးအင်အား အကန့်အသတ်ရှိနေတဲ့ကြားထဲကနေ စီးပွားရေးလုပ်ငန်းတွေနဲ့ လူထုကို အကူအညီပေးဖို့အတွက် အမေရိကန် ဒေါ်လာ ၁.၁ ဘီလျံ သုံးစွဲခဲ့တာပါပဲ။

ဗီယက်နမ် အောင်မြင်ခဲ့ပြီလား

ခုချိန်မှာတော့ ဗီယက်နမ်က သူတို့ဟာ ရောဂါကိုထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာလာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာတော့ သွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေကို မကြာခင်မှာ စတင်လျှော့ပေါ့ပေးတော့မယ်လို့ ကြေညာနိုင်ခဲ့တယ်။ တစ်ဖက်မှာလည်း ဗီယက်နမ်နိုင်ငံဟာ နိုင်ငံရေးစနစ်မှာ ကွန်မြူနစ်ဝါဒကို အသုံးပြုတဲ့တိုင်းပြည်ဖြစ်တာကြောင့် သူတို့ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံတုန်းကလိုပဲ မေးခွန်းထုတ်မှုတွေ ခံနေရပါတယ်။ အချက်အလက်တွေဟာ ကွဲလွဲမှုတွေရှိနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတစ်ချို့လည်း ရှိနေဆဲပါ။ ဒါပေမယ့်လည်း မြေပြင်အခြေအနေတွေအရဆိုရင်တော့ ဗီယက်နမ်နိုင်ငံဟာ ကိုဗစ်ကို ခြေနိုင်လက်နိုင် ထိန်းချုပ်နိုင်ခဲ့တာက အမှန်ပါပဲ။ ဗီယက်နမ်တွေအနေနဲ့ ပြည်တွင်းမှာ ရောဂါကူးစက်ပြန့်ပွားမှုအခြေအနကို ကောင်းကောင်းထိန်းချုပ်ထားနိုင်တဲ့အချက်က ငြင်းလို့မရတဲ့ အခြေအနေမှာရှိနေတာကို အားကျဖွယ် မြင်တွေ့နေရပါတယ်။   ရေးသားသူ  ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up