လေဖိအားနည်းရပ်ဝန်း ပိုအားကောင်းလာ၊ ၉၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်နိုင်
DVB
·
May 2, 2020
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး နောက် ၉၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၁ ရက်နေ့ ည ၆ နာရီခွဲတိုင်းတာချက်အရ အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၉၆ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
ဒီနေ့မွန်းတည့်အထိ ခန့်မှန်းချက်အရ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမယ်လို့ ခန့်မှန်းထားပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအသင့်အတင့်ရှိပြီး လှိုင်းအမြင့် ၆ ပေမှ ၈ ပေခန့် ရှိနိုင်ပါတယ်။
နောက် ၂ ရက်အတွင်းမှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးဆက်လက် ထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။