ချဲလ်ဆီးအမာခံပရိသတ်များ ရွေးချယ်ခဲ့ကြသည့် ထိပ်တန်းရုပ်ရှင်ကား ၁၀ ကား 

လတ်တလောကာလဟာ ကမ္ဘာတလွှား ကပ်ရောဂါတခုလိုဖြစ်လာနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် အားလုံးက လူစုလူဝေးတွေ ရှောင်ကြဉ်ကြပြီး နေအိမ်တွေထဲမှာ နေထိုင်နေကြရချိန်ပဲ ဖြစ်ပါတယ်။ ဒီကာလမှာတော့ ဝါသနာပါရာ စိတ်အပန်းပြေစေဖို့အတွက် ရုပ်ရှင်၊ သီချင်း၊ ပန်းချီ၊ အချက်အပြုတ်၊ အကအခုန် စတဲ့ အသီးသီးသော ဝါသနာပါရာ စိတ်ဝင်စားမှုတွေနဲ့ ရှိနေကြရတာပါ။ အခုဖော်ပြပေးမှာကတော့ နာမည်ကြီး ပရီးမီးယားလိဂ်ကလပ်အသင်းတသင်းဖြစ်တဲ့ ချဲလ်ဆီးဘောလုံးအသင်းရဲ့ ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားခဲ့တဲ့ အမာခံပရိသတ်တွေ ရွေးချယ်ထားတဲ့ ဇာတ်ကားကောင်း ၁၀ ကားအကြောင်းပဲ ဖြစ်ပါတယ်။ ဒီစစ်တမ်းကိုတော့ ကလပ်အသင်းရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှတဆင့် ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ ရုပ်ရှင်ကားကောင်းတွေ၊ ထောက်ခံမှတ်ချက်ပေး ရွေးချယ်ပေးထားတဲ့အပေါ် မူတည်ပြီး ထိပ်တန်းရုပ်ရှင်ကား ၁၀ ကားကို ရွေးချယ်ဖော်ပြထားတာပါ။ ပထမဆုံး ရွေးချယ်ထားတဲ့ ရုပ်ရှင်ကတော့ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရိတ်ဂျ် ခေါင်းဆောင်ပါဝင်တဲ့ ၂၀၁၉ ခု နှစ်ထွက် ဟောလိဝုဒ်ရုပ်ရှင်- Knives Out ဖြစ်ပါတယ်။ Comedy Crime Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Rian Johnson က ရိုက်ကူးပုံဖော်ပေးထားတာပါ။ ချမ်းသာကြွယ်ဝတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာ စာရေးဆရာကြီး Harlan Thombrey ဟာ သူ့ရဲ့ ၈၅ နှစ်ပြည့်မွေးနေ့ ကျင်းပဖို့ မိသားစုဝင်တွေ၊ သားသမီးတွေ၊ ဆွေမျိုးတွေကို သူ့ရဲ့စံအိမ်ကြီးဆီ ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့် ထူးဆန်းစွာပဲ မွေးနေ့ပွဲကာလအတွင်း သူ ဟာ သေဆုံးခဲ့ချိန်မှာတော့ ထင်မှတ်မထားတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ စုံထောက်တဦးဖြစ်တဲ့ Benoit Blanc က ဒီအမှုကို ကိုင်တွယ်ဖို့ ဖြစ်လာချိန်မှာတော့ ဒီသေဆုံးမှုမှာ အဓိကတရားခံ ဘယ်သူဖြစ်မလဲ။ မိသားစုဝင်တွေထဲက တယောက်ယောက်ဟာ ဒီအမှုထဲမှာ ပါဝင်နေခဲ့ပြီလား။ ရှုပ်ထွေးတဲ့ မိသားစုဝင်တွေကြား ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ ဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာတော့ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ်ခရိတ်ဂျ်က စုံထောက်တဦးအနေနဲ့ ပါဝင်ထားခဲ့ကာ သူနဲ့အတူ အမေရိကန် သရုပ်ဆောင်မင်းသား Chris Evans၊ ကျူးဘား-စပိန်သရုပ်ဆောင်မင်းသမီး Ana de Armas၊ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား Jamie Lee Curtis စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ နောက်ထပ်ရွေးချယ်ခဲ့တဲ့ ရုပ်ရှင်ကတော့ နာမည်ကျော် ဟောလိဝုဒ်စတားသရုပ်ဆောင်မင်းသား Kevin Costner ခေါင်းဆောင်ပါဝင်ခဲ့တဲ့ Sports Drama အမျိုးအစား ရုပ်ရှင် McFarland, USA ပဲ ဖြစ်ပါတယ်။ ဒီကားကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး နယူးဇီလန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Niki Caro က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Walt Disney Pictures ကနေ တင်ဆက်ခဲ့တာပါ။ ၁၉၈၇ ခုနှစ်ကာလ ဖြစ်ရပ်မှန်အကြောင်းအရာတခုကို အခြေတည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မက်ဖာလန်းမြို့လေးက အထက်တန်းကျောင်း အပြေးအဖွဲ့လေးတဖွဲ့ ချန်ပီယံအဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ခဲ့ရတာတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ တောင်ယာစိုက်ပျိုးရေးလုပ်တဲ့ အဲဒီမြို့ အထက်တန်းကျောင်းဆီ အားကစားနည်းပြအဖြစ်နဲ့ Jim White ရောက်ရှိခဲ့ပါတယ်။ ကျောင်းသားလေးတွေဟာ မိဘတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီရင်း ကျောင်းတက်နေကြသူတွေ ဖြစ်ကြပြီး Jim White က သူ့ရဲ့ ကျောင်းသားတွေဆီမှာ အပြေးစွမ်းရည်ကောင်းတွေ ရှိနေတယ်ဆိုတာကို သိခဲ့ချိန်မှာတော့ တောလမ်းဖြတ်ပြေး ပြိုင်ပွဲဝင် အသင်းတစ်ခုဖွဲ့စည်းဖို့ လုပ်ဆောင်ခဲ့ပါတော့တယ်။ ပြိုင်ပွဲဝင် အတွေ့အကြုံလည်း မရှိ၊ အသင်းဖွဲ့စည်းမှု အတွေ့အကြုံမရှိတဲ့ နည်းပြကို ကျောင်းအုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် မယုံကြည်ခဲ့ပေမယ့်လည်း ကျောင်းအားကစား အသင်းလေးဖွဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အခက်အခဲတွေ၊ ပြသနာတွေကြားက အားမလျှော့တဲ့ နည်းပြ Jim White နဲ့ အသင်းသားတွေဟာ ချန်ပီယံပြိုင်ပွဲကြီးအထိ တက်လှမ်းနိုင်အောင် ဘယ်လို ကြိုးပမ်းသွားမလဲ ဆိုတာတွေကို စိတ်ဝင်စားဖွယ် ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Kevin Costner ကို နည်းပြ Jim White အဖြစ်ရှုစားကြရမှာ ဖြစ်ပြီးသူနဲ့အတူ သရုပ်ဆောင်မင်းသမီးကြီး Maria Bello ၊ Morgan Saylor တို့ကလည်း ပါဝင်ထားကြပါတယ်။ တတိယမြောက်ရွေးချယ်ပေးထားကြတဲ့ A Beautiful Mind ရုပ်ရှင်ကိုတော့ မသိတဲ့သူ နည်းပါလိမ့်မယ်။ ဒီကားကတော့ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အတ္ထုပ္ပတ္တိဒရာမာ အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်ပြီး အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Ron Howard က ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားအော်စကာ ထူးချွန်ဆုအပါအဝင် ထူးချွန်ဆုတွေ အများကြီး ရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ နိုဘယ်လ်ဆုရ သိပ္ပံပညာရှင် John Nash ရဲ့ ဘဝ ဖြတ်သန်းမှုအကြောင်းတွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ နာမည်ဆိုးနဲ့ စာရိတ္တပျက်ပြားမှုတွေနဲ့အတူ သူဖြတ်သန်းကာ ဘဝတလျှောက် ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေနဲ့အတူ အောင်မြင်မှုခရီးလမ်းရှည်ကို ဘယ်လိုဖြတ်သန်းလွန်မြောက်ခဲ့သလဲ ဆိုတာကို ရိုက်ကူးထားတဲ့ ဒီကားထဲမှာ John Nash အဖြစ် ဟောလိဝုဒ် သရုပ်ဆောင်မင်းသား Russell Crowe က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ Ed Harris၊ Jennifer Connelly၊ Paul Bettany၊ Adam Goldberg စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ နောက်ထပ် ချဲလ်ဆီးအမာခံပရိသတ်တွေ ရွေးချယ်ဖော်ပြထားခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ မင်းသားကြီး Tom Hanks ရဲ့ နာမည်ကျော်ရုပ်ရှင် Forrest Gump၊ ဒဏ္ဍာရီထဲက စွန့်စားမှုဒရာမာရုပ်ရှင်စီးရီးစ်တွေဖြစ်တဲ့ The Lord of the Rings (The Fellowship of the Ring; The Two Towers; The Return of the King) ၊  သေမိန့်ကျထားတဲ့ ထောင်သားတွေကို စောင့်ရတဲ့ အကျဉ်းထောင်လုံခြုံရေး Paul Edgecomb အဖြစ် Tom Hanks က ပီပီပြင်ပြင်သရုပ်ဆောင်ထားခဲ့တဲ့The Green Mile၊ ၂၀၀၃ ခုနှစ် ထွက် Comedy Drama ရုပ်ရှင်ကားတကားဖြစ်တဲ့ Old School၊ ပူပူနွေးနွေး အော်စကာဆုတွေအပါအဝင် ဆုတွေ အများကြီး သိမ်းပိုက်ရယူခဲ့တဲ့ ကိုရီးယားရုပ်ရှင် Parasite၊ ဒုတိယကမ္ဘာစစ်နောက်ခံ ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ကားတကားဖြစ်တဲ့ The Imitation Game၊ နာမည်ကျော် မှော်အစွမ်းပြ ရုပ်ရှင်စီးရီးတွေဖြစ်တဲ့ Harry Potter 1-8 စတဲ့ ရုပ်ရှင်ကားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up