မွန်ပြည်နယ်တွင် ပိတ်သိမ်းထားသည့် အရက်၊ ဘီယာဆိုင်များ ပါဆယ်ရောင်းချခွင့် ပြန်ပေး
DVB
·
May 2, 2020
မွန်ပြည်နယ်မှာ ပိတ်သိမ်းထားတဲ့ အရက်နဲ့ ဘီယာဆိုင်တွေကို မေလ ၁ ရက်နေ့ကစပြီး ပါဆယ်ရောင်းချခွင့် ပြန်ပေးလိုက်ပြီလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။
အရက်၊ ဘီယာဆိုင်တွေကို ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် သင်္ကြန်ကာလအတွင်းမှာ ပိတ်သိမ်းထားဖို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ညွှန်ကြားခဲ့ပါတယ်။
ပါဆယ် ရောင်းချခွင့်ပြုထားတဲ့ အရက်၊ ဘီယာဆိုင်တွေအနေနဲ့ ဖွင့်လှစ်ရောင်းချတာ လုပ်ဆောင်ရင်တော့ ဥပဒေအတိုင်း အရေးယူသွားဖို့ ရှိနေပါတယ်။
ပိတ်သိမ်းဖို့ ညွှန်ကြားထားတဲ့ ကာလအတွင်းမှာ စည်းကမ်းမလိုက်နာဘဲ ဖွင့်လှစ်ရောင်းချခဲ့တဲ့ ဆိုင်တချို့ကို ခံဝန်ကတိ လက်မှတ်ထိုး သတိပေးတာတွေ လုပ်ဆောင်ခဲ့တာပါ။
မွန်ပြည်နယ်အတွင်း လက်ရှိမှာတော့ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားထားပြီး KTV နဲ့ အနှိပ်ခန်းကတော့ မေလ ၁၅ ရက်နေ့ အထိ ယာယီပိတ်သိမ်းထားဖို့ ညွှန်ကြားထားပါတယ်။