Home
မြန်မာသတင်း
COVID-19 ကပ်ဘေးကာလ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများကို ထောက်ပံ့ငွေပေးမည်
DVB
·
May 1, 2020
COVID-19 ကပ်ဘေးကာလ အကြပ်အတည်းကြောင့် အလုပ်ကနေဆိုင်းငံ့ ဒါမှမဟုတ် ထုတ်ပယ်ခံခဲ့ရတဲ့ အထည်ချုပ်လုပ်သားတွေအတွက်   ကမ္ဘာ့အလုပ်သမားနေ့ဖြစ်တဲ့ မေ ၁ ရက်က စတင်ပြီး  အီးယူရဲ့ မြန်ကူအရေးပေါ်ရန်ပုံငွေကနေ ထောက်ပံ့ငွေတွေ ပေးအပ်သွားဖို့ ရှိပါတယ်။ ဒီလိုထောက်ပံ့ငွေပေးအပ်တာမှာ ပထမအသုတ်အနေနဲ့ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း အလုပ် ဆိုင်းငံ့ခံခဲ့ရတဲ့ စက်ရုံ ၆ ရုံက  အလုပ်သမားတွေကို စတင်ပေးအပ်သွားမှာဖြစ်ပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ အလုပ်သမား ဦးရေ ၉၀၀၀၀ လောက်ကို  ထောက်ပံ့ပေးနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဥရောပသမဂ္ဂ အီးယူရဲ့  ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီမြန်ကူ ရန်ပုံငွေဟာ ဥရောပသမဂ္ဂက ယူရို ၅ သန်း ( မြန်မာကျပ်ငွေ အနေနဲ့ ၇ ဒသမ ၉ဘီလီယံ ) ပံ့ပိုးပေးသွားမယ့်  အစီအစဉ်ဖြစ်ပါတယ်။ မေ ၁ ရက်ကစပြီး ဇူလိုင်လအထိ အထည်ချုပ်လုပ်သားတွေထံကို wave Money ဝန်ဆောင်မှုကနေ တိုက်ရိုက်ငွေကြေးလွှဲပေးတဲ့ ပုံစံနဲ့ ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ ထောက်ပံ့ကြေးပေးရာမှာ နိုင်ငံသားပိုင် အထည်ချုပ်လုပ်ငန်းတွေအပြင် နိုင်ငံခြားသားပိုင် အထည်ချုပ်လုပ်ငန်းနဲ့ ပြည်တွင်း၊ပြည်ပဖက်စပ် အထည်ချုပ်စက်ရုံတွေက ထိခိုက် နစ်နာခဲ့ရတဲ့ လုပ်သားတွေကို အဓိကထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ အကူအညီပေးရမယ့် အလုပ်သမားတွေကိုတော့ အလုပ်သမားသမဂ္ဂတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တိုင်ပင် ဆွေးနွေးပြီး စိစစ်ရွေးချယ်သွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ လောက်ရှိပြီးတော့ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စက်ရုံတချို့ ကုန်ကြမ်းပြတ်လပ်ပြီး ပိတ်သိမ်းခံရတဲ့အတွက် အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေရကြပါတယ်။ အလုပ်ကနေ ဆိုင်းငံ့ ဒါမှမဟုတ် ထုတ်ပယ်ခံခဲ့ရတဲ့အလုပ်သမားတွေ ဒီထောက်ပံ့ကူညီမှုကိုရရှိဖို့အတွက် စက်ရုံမန်နေဂျာကနေ မြန်ကူကို အွန်လိုင်းလျှောက်လွှာပုံစံနဲ့ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။  စိုးချစ်ပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024