ဝေဘာဂီဆေးရုံက COVID-19 လူနာ ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ရောဂါပိုးကင်းစင်
DVB
·
May 1, 2020
မြောက်ဥက္ကလာဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ COVID-19 အတည်ပြုလူနာ ကလေးငယ်နှစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့မှာ ရောဂါပိုး မတွေ့ရှိတော့ဘူးလို့ ကုသပေးနေတဲ့ ကလေးအထူးကု ဆရာဝန် ဒေါက်တာခင်ခင်ထားက ပြောပါတယ်။
ပေါက်ခေါင်းမြို့က အသက် ၈ နှစ်ရှိ လူနာနံပါတ် ၁၉ နဲ့ အသက် ၁၈ နှစ်ရှိ လူနာနံပါတ် ၂၀ တို့ကို နှစ်ကြိမ်ဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ်လုံးရောဂါပိုးမတွေ့ရှိရတော့တာပါ။
သူတို့ကို မတ်လ ၃၁ ရက်က ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြည်ဆေးရုံမှာ ကုသပေးခဲ့ပြီး နောက်ပိုင်းမှာ ဝေဘာဂီဆေးရုံကို ပြောင်းရွှေ့ ကုသပေးနေတာပါ။
ဒါ့အပြင် အင်းစိန်မြို့နယ်က ဧပြီလ ၁၄ ရက်မှာ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့တဲ့ ၇ နှစ်အရွယ် လူနာနံပါတ် ၅၄ ဟာလည်း ပထမအကြိမ် ဓာတ်ခွဲစစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိရတော့ဘူးလို့ သိရပါတယ်။
မေလ ၁ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၁ ဦးရှိပြီး သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်သွားသူ ၂၈ ဦးနဲ့ ပြန်ကောင်းလာလို့ ဆေးရုံကဆင်းလာသူစုစုပေါင်း ၁၇ ဦးရှိသွားပြီလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။