လွှတ်တော်တက်မည့် ကိုယ်စားလှယ်အားလုံးကို COVID-19 ရှိမရှိ စစ်ဆေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
April 30, 2020
လာမယ့် မေလ ၁၈ ရက်နေ့မှာ ပြန်လည်ခေါ်ယူ ကျင်းပမယ့် လွှတ်တော်အစည်းအဝေး တွေကို တက်ရောက်မယ့် ကိုယ်စားလှယ် အားလုံးဟာ COVID-19 ရှိမရှိ ကျန်းမာရေး စစ်ဆေးခံမယ်လို့ သိပါရတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က “နေပြည်တော်ကို လွှတ်တော်အစည်းအဝေးအတွက် မေလ (၉) ရက်နေ့ထက် မစော (၁၀) ရက်နေ့ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ရမယ်ပေါ့၊ မိသားစုတွေအဖော်တွေလဲ ခေါ်မလာရဘူးပေါ့။ ပြီးတော့ ကိုယ်စားလှယ်တွေရောက်ကြောင်းသတင်းပို့ပြီးတာနဲ့ ကျန်းမာရေးက (Swab) ယူပြီး COVID-19 အတွက် ဓာတ်ခွဲဆေးစစ်မယ်တဲ့”လို့ ပြောပါတယ်။
အခုကျင်းပမယ့် လွှတ်တော်ဟာ ရက်တိုဖြစ်တာကြောင့် ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော်ရောက်မှ ခွင့်တိုင်တာမျိုးမလုပ်ဖို့နဲ့ ကျန်းမာရေးအရ အသက်အရွယ် အရ မလာဖြစ်ပါက ခွင့် အဖြစ်သတ်မှတ်မှာဖြစ်တယ်လို့ သိရပါတယ်။
နေပြည်တော်ကို ရန်ကုန်အပါအဝင် COVID-19 ပိုးတွေ့ရှိဒေသမှ လာရောက်သူအားလုံး Quarantine ဝင်ဖို့ လုပ်ဆောင်သတ်မှတ်ထားရာကနေ ဧပြီ ၃၀ ရက်နေ့မှာတော့ သက်ဆိုင်ရာရဲ့ လုပ်ငန်းထောက်ခံချက်နဲ့ဆို ဝင်ရောက်ခွင့်ပြုထားပါတယ်။