ဆီရီယာလီယွန် အကျဉ်းထောင်တွင် မီးလောင်

Reuters
913
အနောက်အာဖရိက ဒေသက ဆီရီယာလီယွန်နိုင်ငံ၊ ဖရီးတောင်းမြို့၊ ပါဒမ်ဘာရုဒ်အကျဉ်းထောင်မှာ ဧပြီ ၂၉ ရက်က မီးအကြီးအကျယ်လောင်ခဲ့လို့ မီးသတ်သမားတွေ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
ထောင်သားတယောက် ဒီသီတင်းပတ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရအပြီး ထောင်ထဲမှာ အဓိကရုဏ်း ဖြစ်ခဲ့တာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရေးအတွက် အစိုးရက ထောင်သား ၂၃၅ယောက်ကို လူချောင်တဲ့ ထောင်တွေဆီ ပြောင်းဖို့ ပြင်ဆင်နေပါတယ်။
ထောင်တွင်း အဓိကရုဏ်းမှာ လူအသေအပျောက် ရှိ၊မရှိနဲ့ ဘယ်လို ပြဿနာ စဖြစ်သလဲ ဆိုတာ မသိဘူးလို့ ပြန်ကြားရေးဝန်ကြီးက ပြောပါတယ်။
အသေးစိတ်အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်ပေမဲ့ မငြင်း နိုင်သေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။
ရောဂါ ကူးစက်ခံထောင်သားကိုတော့ ဆေးကုသရေး စင်တာဆီ ပို့ပြီးပါပြီ။
ဆီရီယာလီယွန်နိုင်ငံက ထောင်ဟာ ထောင်သား ၃၂၄ ယောက်ကို ထိန်းသိမ်းဖို့ ပုံစံ ထုတ်ထားပေမယ့် ၂၀၁၉ မှာ ထောင်သားအယောက် ၂၀၀၀ကျော်ကို ထိန်းသိမ်းထားတယ်လို့ အမေရိကန်လူ့အခွင့်အရေးဌာနက ဖော်ပြပါတယ်။
ထောင်ထဲက အခြေအနေက ပြင်းထန် ကြမ်းတမ်းပြီး အသက်ဘေး စိုးရိမ်ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဆီရီယာလီယွန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ၁၀၄ ယောက်ရှိတယ်လို့ အတည်ပြု ထားပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။