Homeမြန်မာသတင်း
တပ်မတော်နှင့် ရဲအရာရှိ ၁၄ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းမတိုးသင့်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်
တပ်မတော်နှင့် ရဲအရာရှိ ၁၄ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှု သက်တမ်းမတိုးသင့်ဟု နိုင်ငံရေး လေ့လာသူအချို့ သုံးသပ်
ဇေယျာချမ်းအေး
·
April 30, 2020
မြန်မာတပ်မတော်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါအဝင် ၁၄ ဦးကို ဗြိတိန်နဲ့ အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုသက်တမ်းတိုးလိုက်တာဟာ မဖြစ်သင့်ဘူးလို့ နိုင်ငံရေး လေ့လာသူတချို့က သုံးသပ်ပါတယ်။
ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ တပ်မတော်ဗိုလ်ချုပ်ဟောင်းတချို့နဲ့ ရဲအရာရှိတွေအပါအဝင် ၁၄ ဦးကို ဧပြီ ၂၇ ရက်နေ့က ဗြိတိန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အီးယူ ဥရောပ သမဂ္ဂတို့က အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု သက်တမ်းတိုး တစ်နှစ် ထပ်တိုးလိုက်တာပါ။
ဒီလိုဒဏ်ခတ်ပိတ်ဆို့တာဟာ ကောင်းတဲ့အစဉ်အလာမဟုတ်ပေမယ့် မြန်မာ့နိုင်ငံရေးအပေါ် ကြီးမားတဲ့သက်ရောက်မှု မရှိနိုင်ဘူးလို့ တပ်မတော်အငြိမ်းစား အရာရှိ နိုင်ငံရေးလေ့လာသူ ဒေါက်တာအောင်မျိုးက ပြောပါတယ်။
လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ COVID-19 ပြဿနာအပါအဝင် ငြိမ်းချမ်းရေးပြဿနာဟာလည်း စိန်ခေါ်မှုဖြစ်နေပါတယ်။
ဒီလိုအချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုဟာ မကောင်းဘူးဆိုပေမယ့် ဗြိတိန်နဲ့ အနောက်နိုင်ငံတွေက မြန်မာ့နိုင်ငံရေးအပေါ် မျက်ခြေမပြတ်စောင့်ကြည့်နေတာကို တပ်မတော်က သိရှိဖို့လိုတယ်လို့ နိုင်ငံရေးလေ့ လာသူတစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်က ဦးမြင့်ဝင်းမောင်က သုံးသပ်ပါတယ်။
ပိတ်ဆို့ဒဏ်ခတ်အရေးယူခံရတဲ့သူတွေထဲမှာ ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ ဗိုလ်ချုပ်မောင် မောင်စိုး၊ ဗိုလ်ချုပ် ညီညီဆွေ၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် ခင်လှိုင်၊ ရဲမှူးချုပ် သူရဆန်းလွင်၊ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် ခင်စိုး၊ ဗိုလ်မှူး အောင်မျိုးသူ၊ ဗိုလ်မှူး သန့်ဇော်ဝင်း၊ တပ်ခွဲတပ်ကြပ်ကြီး ဘကျော်၊ တပ်ကြပ် ကျော်ချေ၊ ရဲအရာရှိ ထွန်းနိုင်၊ ရဲအရာရှိ သန့်ဇင်ဦး တို့ပါဝင်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော်က တပ်မတော်က အနားယူသွားပြီ ဖြစ်ပြီး အသစ်ထပ်တိုးလာသူကတော့ ဗိုလ်မှူးချုပ်သန်းဦး ဖြစ်ပါတယ်။