COVID-19 ကြောင့် အလုပ်သမား ၁ ဒသမ ၆ ဘီလီယံ အလုပ်လက်မဲ့ဖြစ်မည်ဟု ILO ခန့်မှန်း

Reuters
1.2K
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် ကမ္ဘာ့လုပ်သားအင်အားရဲ့ တဝက်နီးပါးဖြစ်တဲ့ လုပ်သား ၁ ဒသမ ၆ ဘီလီယံဟာ အသက်မွေးဝမ်းကြောင်း အလုပ်တွေကို ဆုံးရှုံးလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ဧပြီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
COVID-19 ရောဂါကြောင့် အလုပ်အကိုင်တွေနဲ့ ဝင်ငွေတွေအပေါ် သက်ရောက်မှု မြင့်လာတာကို ILO ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာက ဟောကိန်းထုတ်ထားပါတယ်။
ကူးစက်ကပ်ဘေးကြောင့် ကမ္ဘာတဝန်း လူပေါင်း ၃ ဒသမ ၁ သန်းကျော် ကူးစက်ခံခဲ့ရပြီး ၂၂၀၀၀၀ ကျော် သေဆုံးခဲ့တဲ့အပြင် စီးပွားရေး လုပ်ငန်းတွေလည်း ပိတ်ထားရ ပါတယ်။
ဆင်းရဲမွဲတေမှု အလားအလာကိုလည်း မြင်နေရတယ်လို့ ILO ရဲ့ ညွှန်ချုပ် ဂိုင်းရီဒါက ပြောပါတယ်။
ရုံးဝန်ထမ်း မဟုတ်တဲ့ လုပ်သားတွေဟာ ကမ္ဘာ့လုပ်သားအင်အား ၃ ဒသမ ၃ ဘီလီယံ ရှိတဲ့ လုပ်သားတွေကြားမှာ အထိအခိုက် အများဆုံးလည်း ဖြစ်ပြီး လူမှုဖူလုံရေး အကာအကွယ် မရတာ၊ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီတာ၊ အိမ်ကနေ အလုပ်လုပ်ခွင့် မရတာ စတဲ့ ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။
ကာလကြာရှည် အသွားအလာကန့်သတ်တာ၊ ရုံးတွေ စက်ရုံတွေကို ပိတ် ထားတာတွေဟာ ကမ္ဘာတဝန်း ဘဏ္ဍာရေးနှစ် ဒုတိယ ၃ လပတ်အတွင်း အလုပ်ချိန် စုစုပေါင်း ကျဆင်းမှုကို ပိုဆိုးလာမယ်လို့ မျှော်လင့်ထားပါတယ်။
အထိနာဆုံး ကဏ္ဍတွေက ကုန်ထုတ်လုပ်ရေး၊ စားသောက်ကုန်၊ နေရာ ထိုင်ခင်း၊ လက်ကားနဲ့ လက်လီကုန်သွယ်ရေး၊ အိမ်ခြံမြေလုပ်ငန်း စတာတွေ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။