Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် COVID-19 ကြောင့် လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမသွားအောင် လုပ်ဆောင်နေ  
DVB
·
April 30, 2020
COVID-19 ကပ်ရောဂါ အခြေအနေကြောင့် လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကျမသွားအောင် ဧရာဝတီတိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်နေတယ်လို့ စိုက်ပျိုးရေးမွေးမြူရေးနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး  ဦးတင်အောင်ဝင်းက ပြောပါတယ်။  “စနစ်တကျပျိုးထောင်ပြီးတော့ ကောက်စိုက်ချင်လို့ အထွက်ကောင်းအောင်လုပ်ချင်တဲ့ လယ်သမားတွေအတွက်ဆိုရင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး အဖွဲ့အစည်းအဆင့်ဆင့်နဲ့ ညှိနှိုင်းပြီးလုပ်ရမှာပဲ။ လူတွေတိုးကြိတ်နေတာ မဟုတ်ဘူး။ လယ်ထဲယာထဲ ကွင်းထဲမှာတော့ နည်းလမ်းရှာပြီး ဖွင့်ပေးရမှာပေါ့။ လယ်ယာကဏ္ဍာစိုက်ပျိုးထုတ်လုပ်မှုက ဘယ်လိုမှ  ကျမသွားအောင် စီမံနေတာရှိပါတယ်” လယ်သမားတွေ စိုက်ပျိုးဖို့အတွက်  အဓိကလိုအပ်နေတာက သွင်းအားစုပစ္စည်းတွေ ရရှိဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဧရာဝတီတိုင်းမှာ အခြေခံစားသောက်ကုန်ရောင်းချတဲ့ဆိုင်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်တွေ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး သွင်းအားစုပစ္စည်းဆိုင်တွေဖြစ်တဲ့ မြေသြဇာဆိုင်၊ ပိုးသတ်ဆေးဆိုင်၊ လယ်ယာသုံးစက်ကိရိယာရောင်းတဲ့ဆိုင်တွေ၊ မျိုးစေ့ရောင်းတဲ့ဆိုင်တွေက ပိတ်ထားတယ်လို့ သိရပါတယ်။ ဝန်ကြီး ဦးတင်အောင်ဝင်းက “ပြန်ပြီးတော့ ဖွင့်နိုင်အောင် ရောင်းချတဲ့အခါမှာ လူစုလူဝေးမဖြစ်ဘဲ ရောင်းချနိုင်အောင်ပေါ့၊ ၅ ယောက်ထဲမပိုဘဲ ရောင်းချနိုင်အောင် အစီအမံတွေ ဆောင်ရွက်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူးတွေခေါ်ပြီး ညွန်ကြားထားတာရှိပါတယ်။ လယ်သမားတွေ အခက်အခဲမရှိအောင် စီစဉ်ပေးထား”လို့ ပြောပါတယ်။ COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားတဲ့အတွက် လယ်ထဲယာထဲသွားတဲ့အခါမှာ လူစုလူဝေးဖြစ်စရာအကြောင်း မရှိဘူးလို့လည်းဆိုပါတယ်။ ပုသိမ်မြို့နယ် ဂွေးကုန်းကျေးရွာမှ တောင်သူဦးထွန်းနိုင်ကတော့ “အခုအချိန်က လယ်စိုက်ဖို့ လုပ်သားခေါ်တဲ့နေရာမှာတော့ အခက်အခဲရှိတယ်။ လယ်လုပ်သားခေါ်တော့ တခြားရွာက သွားခေါ်ရတာ သူတို့ရွာကထွက်ပြီး ပြန်ဝင်ဖို့ခက်ခဲသလို ကျနော်တို့ဆီ ခေါ်ဖို့ ခက်ခဲတယ်။ မျိုးစပါးရဖို့ လယ်ထဲထည့်ရမယ် သွင်းအားစုတွေ ရဖို့အခက်အခဲတွေရှိတယ်။ ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာလည်း ကျေးရွာအုပ်စုကြီးတခုမှ သူနာပြု ဆရာမတစ်ယောက်ထဲ ရှိတော့ ကျန်းမာရေးဘက်လည်း အားနည်းချက်တွေရှိတယ်။ အစိုးရအနေနဲ့သွင်းအားစုတွေ မျိုးစပါး အချိန်မှီရဖို့ကူညီဆောင်ရွက်ပေးစေချင်တယ်”လို့ ပြောပါတယ်။ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ်တွေရရှိအောင် နိုင်ငံတော်က လုပ်ဆောင်နေသလို စိုက်ရေးပျိုးရေးနဲ့ပတ်သက်ပြီး အရင်က ရေမြုပ်နေတဲ့နေရာတွေ၊ ရေစီးတဲ့နေရာတွေနဲ့ ချောင်းကောမြောင်းကောတွေ တူးတာနဲ့ တာတမံတွေ ပြုပြင်ပေးတာတွေလည်း ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးစပါး စိုက်ပျိုးဧက ၃၇သိန်းကျော်ရှိကြောင်း သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024