မောင်တောနယ်စပ်၌ ဘာသာပေါင်းစုံလူငယ်များစုပေါင်း၍ COVID-19 ပညာပေးလုပ်ဆောင်
DVB
·
April 30, 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ COVID-19 ရောဂါကာကွယ်ရေး လူထု အသိပညာပေးလုပ်ငန်းတွေကို ဘာသာပေါင်းစုံ လူငယ်တွေစုပေါင်းပြီး ပထမဆုံးအကြိမ် လုပ်ဆောင်နေ ကြပါတယ်။
လူငယ်တွေဟာ လူစည်ကားရာကျေးရွာတွေရှိ စျေးတွေကိုသွားရောက်ပြီး Mask တပ်ဆင်နည်း၊ လက်ဆေးနည်း အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာ၊ ဘာသာစကားမျိုးစုံနဲ့ အသိပညာပေးဟောပြောတာနဲ့ ဗီနိုင်း တပ်ဆင်တာတွေကို နေ့စဉ် ဆောင်ရွက် နေကြတာပါ။
မောင်တောလူငယ်ကွန်ရက်မှ ကိုဟိန်းထက်အောင်က " နယ်စပ်ဖြစ်တဲ့မောင်တောမြို့ဟာ အရေးကြီးဆုံး အခြေအနေမှာရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ ဘာမှမဖြစ်သေးဘူးဆိုပေမယ့် ဖြစ်လာနိုင်မယ့် အနေအထားများစွာရှိနေပါတယ်။ ခိုးဝင်တဲ့သူတွေ ရှိနေတယ်။ အဲ့ဒါတွေ မတားဆီးနိုင်ဘူးဆိုရင် ကျနော်တို့ ဘယ်လောက်လုပ်လုပ် အလဟာသဖြစ်နေမှာ ဖြစ်တယ်။ ဒါကြောင့်မောင်တောမြို့မှာရှိတဲ့ လူမျိုးဘာသာမရွေး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက်မှာဖြစ်တယ်”လို့ ပြောပါတယ်။
လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေဖြစ်ပွားလေ့ရှိတဲ့ မောင်တောဒေသမှာအခုလို ဘာသာပေါင်းစုံလူမျိုးပေါင်းစုံလူငယ်တွေ စုပေါင်းပြီး COVID-19 ရောဂါ လူထုအသိပညာပေးလုပ်ငန်တွေ ပြုလုပ်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
မွတ်ဆလင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုအီဆက်က " တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ မြင့်တက်လာနေတယ်။ ရန်ကုန်က ပြန်ရောက်လာသူတွေလည်း ရှိလာနေတယ်ဆိုတော့ ရောဂါကူးစက်ပြန့်ပွားလာမှာကို စိုးရိမ်မိတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ကြိုတင်ကာကွယ်မှု ပြုနိုင်မယ့်အသိပညာတွေကို မသိသေးတဲ့သူတွေ သိလာအောင် လုပ်ဆောင်နေရတာဖြစ်ပါတယ်။"လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေပေမယ့် မောင်တောဒေသမှာ ပြည်သူတွေက ပေါ့ပေါ့ဆဆနေထိုင်တာ တွေ့နေရ သလို ဒီဒေသမှာ အင်တာနက်ဖြတ်တောက်ထားတာကြောင့်လည်း လူတွေက COVID-19 ရောဂါ အကြောင်း သိရှိမှုအားနည်းနေတဲ့အတွက် မြို့ခံလူငယ်တွေ ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
မောင်တောလူငယ်ကွန်ရက် အဖွဲ့ခေါင်းဆောင် ကိုဟိန်းထက်အောင်က “COVID-19 ဆိုတာ ဘာလဲ၊ ဘယ်လိုရောဂါလဲ၊ ဘယ်လို ကူးစက်တတ်လဲ၊ ဘယ်လိုကြိုတင်ကာကွယ်ရမလဲ၊ စတဲ့ အသိပညာတွေ လူတွေနားထဲ ရောက်အောင် အသိပညာပေးနိုင်အောင် မောင်တောမြို့မှာရှိတဲ့ ဘာသာပေါင်းစုံလူငယ်တွေ စည်းရုံး စုပေါင်းပြီးပြုလုပ်နေတာဖြစ်တယ်။ COVID-19 ဟာ လူသားအားလုံးနဲ့ သက်ဆိုင်သလို ဘာသာ လူမျိုးခွဲခြားပြီး ကူးစက်တာ မဟုတ်တဲ့အတွက် အခုလိုဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့သူတို့ Maungdaw Youth Network အဖွဲ့အနေနဲ့ ကိုယ်ပိုင် ရန်ပုံငွေနဲ့ အသိပညာပေးလုပ်ငန်းတွေကို ပြုလုပ်သွားမှာဖြစ်တယ်”လို့ ရှင်းပြပါတယ်။
လက်ရှိမှာ မောင်တောမြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ဝင်ရောက်သူတွေကို Facility Quarantine အဖြစ်ထားရှိတဲ့ လှဖိုးခေါင်ယာယီပြန်လည်လက်ခံရေးစခန်းမှာ ၁၂ ဦးနဲ့ ရန်ကုန်က ပြန်လာသူတွေကို Facility Quarantine ထားရှိတဲ့ အ.ထ.က (၂) မှာ ၅၄ ဦး ရှိပါတယ်။
သတင်း- လင်းလက်