ကပ်ရောဂါဘေးကာလ အင်္ဂပူမြို့နယ်ရှိ ကျေးရွာများတွင် လေဘေးသင့်
DVB
·
April 30, 2020
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းက ကျေးရွာ ၁၀ ရွာမှာ ဧပြီလ ၂၇ ရက်ညနေပိုင်းက လေပြင်းတိုက်ခတ်လို့ လူနေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးသွားပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၂ လုံးပြိုလဲခဲ့ပြီး နေအိမ် ၄၇ လုံးကတော့ အမိုးလန်ကာ တစိတ်တပိုင်း ပျက်စီးခဲ့ရတာပါ။
အိမ်ထောင်စု ၂၀၃ ဦးရဲ့ ပျက်စီးသွားတဲ့နေအိမ်တွေကို ထောက်ပံရေးပစ္စည်း ၁၆ မျိုးနဲ့ဆန်ရိက္ခာ တန်ဖိုး ကျပ် ၂၁ သိန်းကျော်ကို ထောက်ပံခဲ့ကြောင်း အင်္ဂပူမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံးရဲ့ စာရင်းဇယားတွေအရသိရပါတယ်။
ကျေးရွာပေါင်း ၁၀ ရွာလောက်ဖြစ်သွားတာဖြစ်ပြီး ဧပြီ ၂၉ ရက်နေ့မှာ အားလုံးထောက်ပံ့ဖို့ စီစဉ်နေပါပြီလို့ အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲရင့်လှိုင်က ပြောပါတယ်။
လေဘေးသင့်သူတဦးဖြစ်တဲ့ မကျီးကုန်းလေးကျေးရွာနေ ဦးမန်းကြီးကတော့ "ခုလို မြန်မြန်ဆန်ဆန်ထောက်ပံ့တာကောင်းပါတယ်။ ကျနော်တို့ ခုလေဘေးသင့်သွားသူတွေကလည်း အခြေခံလူတန်းစားတွေများတယ်လေ။ ကပ်ရောဂါရင်ဆိုင်နေရချိန်လေဘေးသင့်တော့ အတော်လေး ဒုက္ခရောက်တာပေါ့ ခုထောက်ပံတော့ နည်းနည်းတော့ အဆင်ပြေမှာပါ"လို့ ပြောပါတယ်။
နေအိမ်အများစုကတော့ ဖက်မိုးထရံကာတွေဖြစ်ပါတယ်။ အင်္ဂပူမြို့နယ်တွင်းမှာ နှစ်စဉ် မိုးဦးကာလမှာ လေဘေးနဲ့ တွေ့ကြုံနေရတဲ့မြို့နယ်တခုလည်းဖြစ်ပါတယ်။
သတင်း- သန်းထိုက်မြင့်