မင်းပြားတိုက်ပွဲတွင် တပ်မတော် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်
ဝဏ္ဏခွာညို
·
April 29, 2020
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ ဧပြီ ၂၈ ရက်နေ့မှာ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးနောက် တပ်မတော်က တိုက်လေယာဉ်နဲ့ရော ရေတပ်သင်္ဘောနဲ့ပါ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
မင်းပြားပြားမြို့နယ် တောင်ပုတ်ကေကျေးရွာအနား ဖုံသာချောင်းမှာ ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းက တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဒီနောက်ပိုင်းမှာ တပ်မတော်က င/စိုင်းရိုင်းတောင်တန်းတလျှောက် တိုက်လေယာဉ် ၂ စီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရေတပ်ကလည်း မင်းပြားမြို့ ကျိန်းတောင်တန်းကနေ အမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အမ်းသားရွာက ကိုအမ်းသားကြီးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တာက ဖုံသာချောင်းထဲက တောင်ပုတ်ကေကျေးရွာအနားမှာဖြစ်တာ။ မနေ့က နေ့လယ် ၂ နာရီလောက်မှာဖြစ်တယ်။ တိုက်ပွဲဖြစ်လို့အပြီးမှာ ဖိုက်တာဂျက်တွေနဲ့ ဟတ်စကီးတွေနဲ့ပစ်တယ်။ ပြီးတော့ ရာမောင်တံတား အနားက ရေတပ်ကနေပြီးတော့လည်း ပစ်ခတ်တယ်။ မင်းပြား ကျိန်းတောင်တန်းကနေပြီးတော့ အမြောက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ လုပ်တယ်။ အဲဒီမှာ မနေ့က ကားသမား တယောက် လက်နက်ကျည်ကျလို့ ဒဏ်ရာရတယ်” လို့ပြောပါတယ်။
ရာမောင်တံတားအနီးမှာ ဧပြီ ၂၈ ရက် မနက်ပိုင်းက မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ပြီးနောက်ပိုင်းမှာ ပစ်ခတ်မှုတချို့ရှိခဲ့ပြီး နောက်ပိုင်းနေ့လယ်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။
“မနက်ပိုင်းကတော့ မိုင်းနှစ်လုံး ကွဲတယ်။ ရာမောင်တံတားအနားမှာ ပြီးတော့ ပစ်ခတ်သံတွေ ကြားတယ်။ နေ့လယ်ပိုင်းမှာတော့ တိုက်ပွဲဖြစ်ကြတယ်။ မင်းပြားကျိန်း တောင်တန်းကနေပြီးတော့ အမြောက်ကြီးတွေ တနေ့လုံးပစ်တယ်။ မင်းပြားမြို့ထက်မှာတော့ ၆ နာရီဆိုရင်လူမရှိတော့ဘူး။ မထွက်ကြတော့ဘူးလေ။ ဟိုတနေ့က မြို့ထဲမှာ ပစ်ခတ်ခံရလို့ နှစ်ယောက် သေတယ်။ အဲ့ဒီနောက်ပိုင်း ဒေသခံတွေကတော့ တော်တော်စိုးရိမ်မှုတွေ ရှိသွားကြတယ်။”
ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်းတံတားအနီးမှာ ပစ်ခတ်ခံရလို့ WHO ဝန်ထမ်း ယာဉ်မောင်း ကိုပြည့်စုံဝင်းမောင်ဟာ မင်းပြားဆေးရုံမှာ ဆေးကုသခံယူနေရင်း သေဆုံးခဲ့ရပြီး သူနဲ့အတူပါလာသူ တဦးကတော့ ဒဏ်ရာရသွားလို့ စစ်တွေဆေးရုံမှာ ဆေးကုသခံယူနေရပါတယ်။
ဒါ့အပြင် ဧပြီ ၂၁ ရက်နေ့က မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ ပစ်ခတ်မှုဖြစ်လို့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဆေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်တစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်းတဦး သေဆုံးခဲ့ကာ တဦးကတော့ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။