Homeမြန်မာသတင်း
ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန် တိုက်လေယာဉ်များ အုပ်ဖွဲ့ပျံသန်း
ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန် တိုက်လေယာဉ်များ အုပ်ဖွဲ့ပျံသန်း
DVB
·
April 29, 2020
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နယူးယောက်မြို့ ကောင်းကင်ယံမှာ အမေရိကန်လေတပ်နဲ့ ရေတပ် တိုက်လေယာဉ်တွေဟာ ဧပြီ ၂၈ ရက်က မိနစ် ၄၀ ကြာ အုပ်ဖွဲ့ ပျံသန်းပြခဲ့ပါတယ်။
F-16 Fighting Falcon အမျိုးအစား တိုက်လေယာဉ် ၆ စင်းနဲ့ F-18 Hornet အမျိုးအစား တိုက်လေယာဉ် ၆ စင်းဟာ နယူးယောက် ကောင်းကင်ယံမှာ ပုံဖော် ပျံသန်းပြခဲ့တာပါ။ ပုံမှန်အားဖြင့် ဒီတိုက်လေယာဉ်တွေဟာ အထူးခွင့်ပြုချက်မရဘဲ တစင်းနဲ့ တစင်း မိုင် ၁၅၀ အတွင်း ပျံသန်းလေ့ မရှိကြပါဘူး။
အဲဒီတိုက်လေယာဉ်စုဟာ နေ့လယ်ပိုင်းကစလို့ နယူးယောက်ရဲ့ အထင်အရ အဆောက်အအုံတွေဖြစ်တဲ့ One World Trade Center နဲ့ မက်ဟန်တန် အထိမ်းအမှတ် နေရာတွေပေါ် ပျံသန်းခဲ့ပါတယ်။
အဲဒီလို တိုက်လေယာဉ်တွေ ပျံသန်းချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အကူအညီပေးရေး လုပ်သားတွေ ဆေးရုံ အပြင်ထွက်ပြီး ကြည့်ရှုအားပေးခဲ့ပါတယ်။
ဧပြီ ၂၈ ရက် တစ်ရက်တည်းတင် နယူးယောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးသူ ၃၃၅ ယောက်ရှိတယ်လို့ အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်မဖြစ်ခဲ့တဲ့ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၈,၀၀၀- ကျော် ရှိတယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။