Home
ဆောင်းပါး
ကပ်ကြီးပြီးသွားတဲ့အခါ ကျောင်းတွေကို ဘယ်လို ပြန်ဖွင့်ကြမှာလဲ
DVB
·
April 29, 2020
ကမ္ဘာ့ကျောင်းသားဦးရေ ၁ ဒသမ ၅ ဘီလီယံ ကျောင်းများသို့ ပြန်လည်တက်ရောက်ခွင့် ရရှိသည့်အခါတွင် မိဘများသာမက အစိုးရများကလည်း စိတ်သက်သာရာရကြပါလိမ့်မည်။ မိဘများက အလုပ်ခွင်သို့ ပြန်လည်ဝင်ရောက်နိုင်ခြင်းနှင့်အတူ စီးပွားရေးလည်း ပုံမှန်လည်ပတ်ရန် လမ်းစဟု ဆိုနိုင်သည်။ သို့ရာတွင် အနာဂတ်ကာလတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထပ်မံဖြစ်ပွားနိုင်ခြေ ဆင့်ကဲလှိုင်းများ၏အန္တရာယ်မှာ ရှိနေသေးဆဲပင်။  ကျောင်းများက ယခင်ကာလများနှင့် မတူတော့သည့် အခြေအနေကို လက်ခံ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်နေစဉ် နစ်နာနိုင်သော ကျောင်းသားများကို ပံ့ပိုးကူညီပေးရန်၊ အွန်လိုင်းသင်ယူမှုကို တိုးမြှင့်ခြင်းနှင့်အတူ ပညာရေးတရားမျှတမှုကို ဖော်ဆောင်ရန်တို့အတွက်လည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လာပါသည်။ အချို့နိုင်ငံများက ဤကပ်ရောဂါ ဘေးဒဏ်ကို တုံ့ပြန်ရန်အတွက် ယခုမှပင် စတင်နေကြဆဲ ဖြစ်ပြီး အခြားနိုင်ငံများကမူ ကန့်သတ်ထားရှိမှုများကို စတင်၍ ဖြေလျှော့လာနိုင်ကြပြီ။ လွန်ခဲ့သော အပတ်က ဒိန်းမတ်နိုင်ငံတွင် မူလတန်းကလေးများအတွက် စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီး ယခုအပတ်တွင်မူ နော်ဝေနိုင်ငံလည်း ဖွင့်လှစ်တော့မည် ဖြစ်သည်။ ကျောင်းများကို ပြန်လည်ဖွင့်လှစ်သင့်သည့် ‘အချိန်ကောင်း’ကို ဆုံးဖြတ်ရန်မှာမူ မလွယ်ကူလှပါ။ သီးသန့်နေထိုင်သည့် ကန့်သတ်ချက်များကို ဖြေလျှော့ရန် လုပ်ထုံးလုပ်နည်းများ ဖြစ်သည့် စစ်ဆေးခြင်း၊ ကူးစက်လူနာ နောက်ကြောင်းလိုက်ခြင်း၊ ခြေရာခံခြင်းတို့ အသုံးပြုကြသည်။ အချိန်ကောင်းကို ထားပါဦး၊ လတ်တလော စိတ်ပူရသည့် ကိစ္စများစွာထဲတွင် သင်ယူလေ့လာမှု ရုပ်ပိုင်းဆိုင်ရာဝန်းကျင်ကို ပြင်ဆင်ရန်မှာ တခုဖြစ်သည်။ တွေ့မြင်ကြုံတွေ့ခဲ့ပြီး ဖြစ်သည့် အရာများထဲက မည်သည့် သင်ခန်းစာတို့ကို ကနဦး ထုတ်နုတ်ရယူနိုင်ပါသလဲ။ “ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်မယ့်ကိစ္စကိုတော့ အသေအချာ စီမံပြင်ဆင်ဖို့ရာ လိုအပ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများရဲ့ ထောက်ခံအကြံပြုချက်နဲ့အညီ လုပ်ဆောင်သင့်တယ်။”  စီးပွားရေးနှင့်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကြီး OECD နိုင်ငံများ၏ ‘ထိရောက်သော သင်ယူမှုဝန်းကျင်’ အလုပ်အဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာန၏ ပညာရေးအဆောက်အအုံ ဝန်ဆောင်မှုအကြီးအကဲဖြစ်သူ မစ္စကင်မ်ရှန်နွန်က အကြံပေးထားသည်။  ပုံစံတမျိုးတည်းကတော့လည်း အားလုံးအတွက် အလုပ်ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ နိုင်ငံများအလိုက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွေ့ကြုံခံစားရပုံနှင့် ခံနိုင်ရည်၊ ပြန်လည် ထူထောင်နိုင်ပုံများအပေါ်တွင် များစွာ မူတည်နေပါသည်။ ကမ္ဘာ့ကပ်ရောဂါ ဘေးဒဏ်ကို ကျော်လွန်လာသည့်ကာလတွင် ရုပ်ပိုင်းဆိုင်ရာ သင်ယူမှု ပတ်ဝန်းကျင်များနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရမည့်သူများ၏ ဆွေးနွေးမှုများထဲတွင် နယ်ပယ် ၃ ရပ်ကို အာရုံစိုက် ဦးစားပေးနေကြပါသည်။ တကိုယ်ရေ သန့်ရှင်းမှု အလေ့အထအသစ်၊ ကျောင်းများတွင် ခပ်ခွာခွာ နေနိုင်စေခြင်းနှင့် အွန်လိုင်းသင်ယူမှုကို တိုးတက်ကောင်းမွန်စေခြင်းတို့ ဖြစ်ပါသည်။ တကိုယ်ရေ သန့်ရှင်းမှု အလေ့အထသစ်ကို ပျိုးထောင်ခြင်း ကျောင်းများကို ပြန်လည်ဖွင့်လှစ်သည့်အခါဝယ် ကလေးတိုင်း၊ ဆရာမတိုင်းက လက်များကို မကြာခဏ၊ ပုံမှန်ဆေးကြောသန့်စင်ရန် လိုအပ်ပါမည်။ ချောင်းဆိုးခြင်း၊ သို့မဟုတ် နှာချေခြင်းတို့ကိုလည်း တံတောင်ဆစ်ထဲတွင်၊ သို့မဟုတ် တစ်ရှုးစဖြင့် ပြုလုပ်ကြရမည်။ ကျောင်းများက အခြေအနေသစ်နှင့် အဆင်ပြေ လိုက်လျောညီထွေ ဖြစ်စေရန် ဤအချက်အလက်များကို ထည့်သွင်း စဉ်းစားကြရပါမည်။ နေရာ အကျယ်အဝန်းနှင့် ဝန်ဆောင်မှုများ  ခပ်ခွာခွာ နေထိုင်နိုင်ကြစေရန်အတွက် ကျောင်းများတွင် ရေသန့်၊ သန့်ရှင်းရေး ပစ္စည်းများနှင့် ကိရိယာများ လိုအပ်ပါမည်။ COVID-19 သံသယလူနာအတွက် သီးခြားအခန်းကိုလည်း ကျောင်းများက ပံ့ပိုးပေးသင့်ပါသည်။ ကျောင်းတွင်း ပစ္စည်းများနှင့် အခန်းများကို ပိုမိုသန့်ရှင်းရေးလုပ်ရန်နှင့် ရောဂါပိုးမွှားများကို အသေးစိတ် ရှင်းလင်းသန့်စင်စေခြင်းတို့ကိုလည်း ပုံမှန် လုပ်ဆောင်ရန် လိုအပ်ပါမည်။ ပိုးမွှားသန့်စင်စေရေးနှင့် တကိုယ်ရေသန့်ရှင်းရေးတို့အတွက် လိုအပ်သည့်ပစ္စည်း ကိရိယာများကို စုဆောင်းရရှိခြင်း ဥပမာအားဖြင့် စာသင်ခန်းအတွင်းမဝင်မီ အဆင်သင့် အသုံးပြုနိုင်ရန်အတွက် ပိုးသတ် လက်ဆေးရည်များ၊ စာရေးခုံများနှင့် ထိုင်ခုံများကို သန့်ရှင်းရန်အတွက် ဘက်တီးရီးယား ပိုးသန့်စင်စေရန် သုတ်နိုင်သည့် အဝတ်စအစိုများ၊ လက်အိတ်များနှင့် မျက်နှာကာများကို အသုံးပြုရန် လိုအပ်ခြင်း။ ဆပ်ပြာခဲ အတုံးများအစား လက်ဆေးရည်ဘူးများကို အသုံးပြုရန် လိုအပ်နိုင်ပါသည်။ လေ့ကျင့်သင်တန်းပေးခြင်း  ကျောင်းများတွင် ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများကို အခြေခံ တကိုယ်ရေသန့်ရှင်းရေးနှင့် ကာကွယ်တားဆီးနိုင်မှုများ၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါ လက္ခဏာများနှင့် ခံစားရပုံများ၊ ကူးစက်နိုင်ပုံများကို သင်တန်းပေးရန် လိုအပ်ပါမည်။  ကျောင်းများတွင် ခပ်ခွာခွာနေကြရန် စီစဉ်ခြင်း ကျောင်းများတွင် ရုပ်ပိုင်းဆိုင်ရာ၊ သို့မဟုတ် လူချင်း ခပ်ခွာခွာ နေကြစေရန်ဆိုသည်မှာ ကျောင်းသား အချင်းအချင်းဖြစ်စေ၊ ဆရာ ဆရာမများနှင့် ဖြစ်စေ အနည်းဆုံး ၂ မီတာ (၆ ပေခန့်) ရှိနေရန် လိုမည်။ ကလေးငယ်များအတွက် မလွယ်ကူလှပါ။ (ပုံမှန်စာသင်ခန်း အကျယ်အဝန်း ၆၀၀ စတုရန်းပေတွင်) ကျောင်းသားဦးရေ ၃၀ ကျော်သည့် စာသင်ခန်းအတွက် မဖြစ်နိုင်ပါ။ အတန်းတွင်း စာသင်သားဦးရေကို လျှော့ချပစ်ခြင်းကို အချိန်ဇယားများ ပြုပြင်ပြောင်းလဲခြင်းဖြင့် ရရှိနိုင်မည်။ ဥပမာ- ပုံမှန်အတန်းများကို အုပ်စုများအဖြစ် ခွဲခြင်း၊ ကျောင်းချိန်ကို အချိန်တိုများအဖြစ် ပြင်ဆင်ခြင်း၊ (အသက်အရွယ်အလိုက်) နံနက်ပိုင်းအချိန်၊ နေ့လယ်ပိုင်းအချိန်များအဖြစ် ခွဲထားခြင်း၊ ကျောင်းတွင် စားသောက်ဆိုင်နေရာများ၊ စားသောက်ခန်းများ၊ ကန်တင်းများ၊ အားကစားခန်းမများ၊ စာကြည့်တိုက်များနှင့် ဟောခန်းမများကဲ့သို့ အခန်းကျယ်များကို စာသင်ခန်းအတွက် အသုံးပြုနိုင်ရန် ပြင်ဆင်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ အချို့ အတန်းများကို ကျောင်းများတွင် တက်ရောက်စေပြီး အခြားအတန်းများကို အွန်လိုင်းမှ လေ့လာစေသည့် နှစ်မျိုးစပ်ကိုလည်း လုပ်ဆောင်နိုင်ပါသည်။ စာသင်ကျောင်း အဆောက်အအုံထဲတွင် မည်သို့ လုပ်ဆောင်ကြမည်လဲကိုသာ အဓိကထား စဉ်းစားနေကြပါသည်။ သို့ရာတွင် စာသင်ခန်း၊ စာသင်ကျောင်းပြင်ပနေရာတို့ကိုကော မည်သို့ အသုံးပြုနိုင်ပါသလဲ။ ရာသီဥတု မပြင်းထန်သော ဒေသများတွင် ကျောင်းတွင်း အဆောက်အအုံများ ပတ်လည်ကို သင့်လျော်သည့် အရိပ်အာဝါသ ရရှိနိုင်ပါက သင်ကြား၊ သင်ယူမှုအတွက် အသုံးပြုနိုင်ပါသည်။ လေဝင်လေထွက် ကောင်းမွန်သည့် နေရာများ ဖြစ်စေရန်မှာမူ ယခင်ကထက်ပို၍ အရေးကြီးလာပါပြီ။ ကျောင်းတွင် (၆ ပေ) ၂ မီတာ ခပ်ခွာခွာနေကြစေရန်အတွက် ပရိဘောဂများကို အသုံးပြုနိုင်ပါသည်။ ကျောင်းကြမ်းခင်းတွင်လည်း ရုပ်ပုံများ၊ အကွက်များရေးဆွဲပြီး အနိမ့်ဆုံး အကွာအဝေးကို စူပါမားကတ်များတွင် တန်းစီသည့်အခါ လုပ်သကဲ့သို့ ရေးဆွဲထားရှိပြီး ဖြေရှင်းနိုင်ပါမည်။ အွန်လိုင်းပညာရေးနှင့် တန်းတူညီမျှမှု အခွင့်အရေး ပြဿနာ အွန်လိုင်းအရင်းအမြစ်များက ကျောင်းသူကျောင်းသားများစွာကို အိမ်တွင် သင်ယူလေ့လာနိုင်ခွင့် လက်လှမ်းမီ ရရှိစေသည်ကို သံသယရှိရန် မလိုပါ။ သို့ရာတွင် အွန်လိုင်း အရင်းအမြစ်များကို လက်လှမ်းမမီသူ၊ မတတ်နိုင်သူများအတွက်မူကား အခွင့်အရေး ဆုံးရှုံးသလို ဖြစ်နေပါ၏။ ထိခိုက်နစ်နာလွယ်သော ကျောင်းသားများအတွက် သင်ယူမှု ခြားနားချက်အဟနှင့် ကျန်းမာရေးကို ကိုင်တွယ်နေကြရသည့် အစိုးရများအတွက် ဤမညီမျှမှုများမှာ စိုးရိမ်ရမည့် အနေအထားပင် ဖြစ်သည်။ အာဏာပိုင်အချို့က ကျောင်းသားများအတွက် လပ်တော့ပ် ကွန်ပျုတာများ၊ တဘ်လပ်များ ပံ့ပိုးပေးခြင်းနှင့် 4G အင်တာနက် နက်ဝေါ့ခ်များကို လက်လှမ်းမီ အသုံးပြုနိုင်စေရန် စီစဉ်နေ ကြသည်။ သာဓကအားဖြင့် အင်္ဂလန်နိုင်ငံတွင် ပညာရေးဝန်ကြီးဌာနက အွန်လိုင်း သင်ယူလေ့လာမှုအတွက် ဆင်းရဲနွမ်းပါးသော ကျောင်းသားများကို အင်တာနက်ပက်ကေ့ချ်များ၊ အခမဲ့ လပ်တော့ပ်ကွန်ပျူတာများ ပေးတော့မည် ဆိုပါသည်။ အခြားနိုင်ငံများတွင်လည်း တီဗွီချန်နယ်နှင့် ရေဒီယိုလိုင်းများကို အသုံးပြုပြီး အရည်အသွေးရှိ အဝေးသင်ပညာရေး နည်းလမ်းများကို မြှင့်တင်ရန် ပြင်ဆင်နေကြပြီ။ ဤကမ္ဘာ့ကပ်ရောဂါကြီး အလွန်ကာလတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အခါ မည်သို့ ပြောင်းလဲသွားမည်ကို မခန့်မှန်းနိုင်သေးသော်လည်း ကပ်ရောဂါလှိုင်းများ ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေသည့်အတွက် မျက်မှောက်အကျပ်အတည်းက သင်ခန်းစာများကို အလျင်အမြန် ရယူ၍ ပညာရေးနှင့် အနာဂတ်အတွက် လက်တွေ့ကျပြီး အင်အားရှိသည့် မဟာဗျူဟာကို တည်ဆောက်နိုင်ရန် လိုအပ်ပါမည်။ သိန်းနိုင် Ref: OECD Education and Skills today
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024