အဘိုးဖြစ်သူ၏ မွေးနေ့ပွဲ ကင်ဂျုံအန်း မတက်သည့်ကိစ္စ တောင်ကိုရီးယားဝန်ကြီး ခန့်မှန်းပြောဆို

947
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှာကို စိုးရိမ်ပြီး အဘိုးဖြစ်သူ ကင်မ်အီဆွန်းရဲ့မွေးနေ့ နှစ်ပတ်လည် အခမ်းအနားကို မတက်ရောက်တာ ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားဝန်ကြီးက ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယား နိုင်ငံတည်ထောင်သူ ကင်မ်အီဆွန်းရဲ့မွေးနေ့ နှစ်ပတ်လည်ကို ကင်ဂျုံအန်း မတက်ရောက်တာက ထူးဆန်းနေပြီး အဲဒီကတည်းက မြောက်ကိုရီးယား ခေါင်းဆောင်ကို အများပြည်သူ မြင်ကွင်းမှာ မတွေ့မြင်ရတာပါ။
ဒါကြောင့် ခေါင်းဆောင်ကင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထင်ကြေးအမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ မရှိဘူးလို့ အစိုးရက ပြောထားပေမယ့် ရောဂါတိုက်ဖျက်ရေး တင်းကျပ်တဲ့ အစီအမံတွေလုပ်ဆောင်နေပါတယ်။
နောက်ပြီး ကင်မ်အီဆွန်းရဲ့ မွေးနေ့နှစ်ပတ်လည်ကို မြောက်ကိုရီးယားခေါင်းဆောင် မတက်ရောက်တာတွေက ထူးခြားတယ်လို့ တောင်ကိုရီးယား နှစ်နိုင်ငံပေါင်းစည်းရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဇန်နဝါရီလလယ်လောက်ကစလို့ အများမြင်ကွင်းကနေ ရက် ၂၀ နီးပါး ပျောက်ကွယ်ခဲ့တဲ့ဖြစ်ရပ် နှစ်ခုထက်မနည်းရှိတယ်လို့လည်း တောင်ကိုရီးယားဝန်ကြီး ကင်မ်ယောင်ချူးလ်က ပြောပါတယ်။