COVID-19 ကြောင့် ပခုက္ကူရှိ အသေးစား ရေနံချက်စက်ရုံ လုပ်ငန်းများ ရပ်နားထား
DVB
·
April 29, 2020
ပခုက္ကူမြို့မှာတည်ဆောက်နေတဲ့ အသေးစားရေနံချက်စက်ရုံငယ် ၅ ရုံ တည်ဆောက်ရေး လုပ်ငန်းတွေကို COVID-19 ရောဂါကြောင့် ယာယီရပ်နားထားရတယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ သိရပါတယ်။
မကွေးတိုင်းဒေသကြီး သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်၊စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က “ဆန်နီဂလိုဘယ်ဆိုတဲ့ ကုမ္ပဏီက လုပ်ငန်းလည်ပတ်နိုင်တဲ့ အဆင့်ကိုရောက်ရှိနေပြီး COVID-19 အခြေနေကြောင့် ယာယီရပ်နားထားပါတယ်။ ကျန်တဲ့ကုမ္ပဏီ လေးခုမှာ တစ်ခုကတော့ လမ်းဖောက်ဖို့တောင် ငွေမသွင်းနိုင်တဲ့အတွက် ပယ်လိုက်ပြီး Myanmar China Patro ကုမ္ပဏီကို အစားထိုးလိုက်ပါတယ်။ စက်ရုံတည်ဆောက်ရေး လုပ်ငန်းတွေ နဲ့ပတ်သက်လို့ သွားရောက်အစည်းဝေးလုပ်ဖို့ စီစဉ်နေချိန် COVID-19 ရောဂါအခြေနေကြောင့် မသွားဖြစ်တော့တာပါ။"လို့ ပြောပါတယ်။
စက်ရုံကုန်ကြမ်းအနေနဲ့ကတော့ မကွေးတိုင်းအတွင်းမှ ထွက်ရှိတဲ့ ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းကနေ လုံလောက်ပြီး တကယ်လို့ မလုံလောက်ပါက နိုင်ငံခြားကနေ တင်သွင်းခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင်ဆီအရည်သွေး အနေနဲ့လည်း မန်းသံပုရာကန် ရေနံချက်စက်ရုံက ထွက်တဲ့ အရည်သွေးထက် မနိမ့်တဲ့ ဆီအမျိုး အစားထုတ်လုပ်ပေးဖို့ ကြော်ငြာခေါ်ပြီး ကုမ္ပဏီ ၅ ခုကို လုပ်ကိုင်ခွင့်ပြုပေးထားတယ်လို့ ဝန်ကြီး ဦးမြင့်ဇော်က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ COVID-19 ရောဂါကြောင့် ရေနံချက်ဖိုတွေရပ်နားထားရပြီး ကမ္ဘာ့ရေနံစျေး အဆမတန်ကျဆင်းနေတဲ့အတွက် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို မှီခိုနေတဲ့ လူဦးရေ တစ်သိန်းကျော်ခန့် အခက်ခဲကြုံတွေ့နေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး