ဗိုင်းရပ်စ်ကာကွယ်ရန် ဘောလုံးကစားချိန် တံတွေးထွေးပါက အဝါကတ်ပြရန် ဖီဖာအကြံပြု

1K
ဘောလုံးပွဲယှဉ်ပြိုင်နေစဉ်မှာ တံတွေးထွေးတဲ့ ကစားသမားကို အဝါကတ်ပြဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အကြံပေးလိုက်ပါတယ်။
ဥရောပဘောလုံးလိဂ်ပွဲစဉ်တွေကို လာမယ့်ဇွန်လဆန်းမှာ ပြန်လည်စတင်ဖို့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အရင်ကလို တံတွေးထွေးတာကို တားဆီးသွားဖို့ ဖီဖာက အကြံပြုလိုက်တာပါ။
ဖီဖာရဲ့ ဆေးပညာဆိုင်ရာကော်မတီဥက္ကဋ္ဌ မီချယ်ဒီဟော့ဂီကတော့ ကစားသမားတွေ တံတွေးထွေးတာက ဖြစ်နေကျကိစ္စ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဗိုင်းရပ်စ် ကာကွယ်တားဆီးရေးအတွက် ဘောလုံးကွင်းထဲမှာ တံတွေးထွေးတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့လိုတယ်လို့ ပြောပါတယ်။
ဒီလိုတားဆီးဖို့အတွက် တံတွေးထွေးတဲ့ ကစားသမားတွေကို အဝါကတ် ပြသပြီး သတိပေးတာမျိုးလည်း လုပ်ဆောင်နိုင်ကြောင်း ဖီဖာဆေးပညာဆိုင်ရာကော်မတီဥက္ကဋ္ဌက အကြံပေးပါတယ်။
လိဂ်ပြိုင်ပွဲမစတင်ခင်မှာ ဘောလုံးသမားအားလုံးကို ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ စီစဉ်ထားပေမယ့် အချင်းချင်း ကူးစက်မှုမရှိစေဖို့အတွက် ကွင်းထဲမှာ တံတွေးထွေးခြင်းကို ကန့်သတ်ဖို့ ဖီဖာက ဆန္ဒရှိနေတာ ဖြစ်ပါတယ်။