Homeမြန်မာသတင်း
ဟားခါးမြို့နယ်တွင် အမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၀ အထိရှိလာ
ဟားခါးမြို့နယ်တွင် အမျိုးသမီး ၁ ဦး COVID-19 ကူးစက်ခံရ၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၁၅၀ အထိရှိလာ
DVB
·
April 29, 2020
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ် ၁ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၅၀ အထိရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၇ နာရီက ထုတ်ပြန်ပါတယ်။
အဆိုပါလူနာသစ်ဟာ ဟားခါးဆေးရုံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပြီး COVID-19 ရောဂါကူးစက်ခံရသူတွေနဲ့ ထိတွေ့မှုမရှိခဲ့ပေမယ့် ပြည်ပကိုခရီးသွားခဲ့သူ ဖြစ်ပါတယ်။
ဒီမနက်အစောပိုင်းမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၂၆၈ ခုထဲမှာ လူနာသစ် ၁ ဦးတွေ့ရှိခဲ့တာပါ။
မနေ့ညကတော့ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ COVID-19 အတည်ပြုလူနာသစ် ၃ ဦးထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
ဧပြီ ၂၉ ရက် မနက် ၇ နာရီအထိ မြန်မာနိုင်ငံတဝန်းမှာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၀ ဦး၊ ရောဂါပိုးကင်းစင်သူ ၁၆ ဦးနဲ့ သေဆုံးသူ ၅ ဦးရှိပါတယ်။