မလေးရှား ရာမာဒန်ဈေးများ  အွန်လိုင်းစနစ်ဖြင့် အရောင်းအဝယ်ဖြစ်နေ 

မလေးရှားနိုင်ငံက ရာမာဒန်ဈေးတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် ပုံမှန် ဈေးရောင်းဝယ်တဲ့အစဉ်အလာကို ကျော်ပြီး ပုံစံသစ်တရပ်နဲ့ အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ WhatsApp နဲ့ Facebook လူမှုကွန်ရက်တွေကို သုံးပြီး အွန်လိုင်းကနေ ဈေးဝယ်ဖို့ အမှာစာတွေ ကောက်ယူခဲ့ကြတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူစုလူဝေးကြားမှာ လူအများအပြား ဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်တဲ့အတွက် မလေးရှား အစိုးရဟာ ရာမာဒန် ဥပုသ်ထွက်ချိန် အသင့်စားစရာတွေကို ရောင်းချတဲ့ ရာမာဒန်ဈေးတွေကို ပိတ်ပစ်ခဲ့ပါတယ်။ ခါတိုင်းမှာ နိုင်ငံတဝန်းက ရာမာဒန်ဈေးတွေဟာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိပြီး ရာနဲ့ချီတဲ့ ဈေးဆိုင်တန်းတွေက ဝါဖြေ စားစရာတွေကို ရောင်းကြတာပါ။ အခုတော့ ကူးစက်ကပ်ဘေးကြောင့် ဈေးတွေကို ပိတ်ပစ်ခဲ့ပေမယ့် အမှာစာတွေက အဆင်ပြေနေတယ်လို့ မြို့တော် ကွာလာလမ်ပူရဲ့ မြို့စွန် ခြံဝင်းမှာ ဆိုင်ဖွင့်ထားသူ ဈေးသည်တယောက်က ပြောပါတယ်။ ဒီနှစ်မှာ ဈေးထဲမှာ မရောင်းနိုင်ပေမယ့် လူမှုကွန်ရက်မီဒီယာပေါ်မှာ ကြော်ငြာခဲ့တဲ့အခါ ဖောက်သည်တွေက နားလည်ကြပါတယ်လို့ သူက ဆက်ပြောပါတယ်။ မွတ်စလင် လူများစုရှိရာ နိုင်ငံတွေမှာ ရာမာဒန်ဥပုသ်လဟာ အသင့်စားစရာတွေကို ရောင်းတဲ့ လမ်းဘေးဈေးသည်တွေအတွက် ဝင်ငွေတိုးတဲ့ ကာလပါ။ နေဝင်ချိန် ဝါဖြေပြီးရင် မိသားစုဆွေမျိုး မိတ်ဆွေ စုဆုံပြီး ညနက်စာ စားဖို့ ဈေးထွက်ဝယ်လေ့ ရှိပါတယ်။ မလေးရှား အာဏာပိုင်တွေက နိုင်ငံတွင်း တစိတ်တပိုင်း အသွားအလာ ကန့်သတ်ချက်ကို မေလကုန်ထိ ချမှတ်ထားပါတယ်။ ဒါကြောင့် ထောင်နဲ့ချီတဲ့ လမ်းဘေးဈေးသည်တွေနဲ့ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်တွေ အင်တာနက်ပေါ် တက်လာခဲ့ကြပါတယ်။ အသေးစား စားသောက်ကုန်လုပ်ငန်းရှင် အများအပြားဟာ လူမှုကွန်ယက်ပေါ်ကနေ ဝယ်သူဆီ တိုက်ရိုက်ရောင်းဖို့ ကြိုးစားပေမယ့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ဝင်ငွေ မျှယူရတဲ့အတွက် လုံလောက်အောင် အမြတ်မရဘူးလို့လည်း ဆိုကြပါတယ်။ ကပ်ဘေးအတွင်း အသွားအလာ ကန့်သတ်မှုကြောင့် ဈေးသည် အယောက် တသိန်းလောက် စီးပွားရေး ဆိုးဆိုးရွားရွား အထိနာခဲ့တယ်လို့ မလေးရှားနိုင်ငံသား ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များနဲ့ အသေးစား ကုန်သည်များအသင်းက ခန့်မှန်းပါတယ်။ ရာမာဒန် ဥပုသ်လအတွင်း သူတို့ရဲ့ စီးပွားရေး ဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅ သန်းထိ ရှိလိမ့်မယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up