ချောက်မြို့နယ်တွင် မွေးမြူရေးကြက်ခြံ မီးလောင်
DVB
·
April 28, 2020
ချောက်မြို့နယ်၊ ပြည့်ပင်ကျေးရွာအုပ်စု၊ မိုလာကျေးရွာမှာ ဧပြီ ၂၇ ရက် ည ၇နာရီ လောက်က မွေးမြူရေးကြက်ခြံ ၂ ခြံ မီးလောင်ဆုံးရှုံးသွားပါတယ်။
ဦးသန်းဝင်းပိုင်တဲ့ ကြက်ခြံစောင့်တဲမှာ ဆိုလာပြားနဲ့ ဘက်ထရီအားသွင်းထားရာက အပူလွန်ကဲကာ ကြက်ခြံစောင့်တဲကိုစတင် မီးစတင်ကူးစက်ခဲ့တာဖြစ်ပြီး အနီးရှိ ကြက်ခြံ နှစ်ခြံကို ဆက်လက် မီးကူးလောင်ခဲ့တာဖြစ်ပါတယ်။
တခြံမှာ ကြက်အကောင်ရေ ၂၀၀၀ ၊ စုစုပေါင်း CP အသားစားကြက် ၄၀၀၀ ကောင် မွေးမြူထားတယ်လို့ ခြံပိုင်ရှင် ဦးသန်းဝင်းက ပြောပါတယ်။
"CP ကြက် ၄၀၀၀ တစ်လသားတွေ ရောင်းတန်း တစ်ပိဿာဝင်နေပြီ။ တစ်ခြံကို ၂၀၀၀ စီ၊ နှစ်ခြံ။ ဟိုဘက်က လူနေတဲ့ အိမ်။"
မီးလောင်မှုကြောင့် ကြက်ကောင်ရေ ၂၀၀၀ ကျော် သေဆုံးကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ သိန်းဖိုး လောက်ရှိကြောင်း မြို့နယ်မီးသတ်အဖွဲ့ထံက သိရပါတယ်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးငိန်းဇော်ဝင်းက “ကျနော်တို့လည်း သတင်းရရခြင်းထွက်သွားတာ၊ စခန်းနဲ့ တော့လည်း ၅ မိုင်လောက်ဝေးတယ်။ လေကလည်း တိုက်တော့ ကျနော်တို့ရောက်တော့ ကြက်ခြံက ကုန်သလောက်နီးပါးဖြစ်နေပြီ”လို့ ပြောပါတယ်။
အခင်းဖြစ်နေရာကို ချောက်မြို့နယ်မီးသတ်ကား ၃ စီး၊ ရေနံမီးသတ်က မီးသတ်ကား ၁ စီး၊ မနောဖြူ ရေသယ်ကား ၁ စီး၊ အရပ်ဘက်ရေသယ်ကား ၁ စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။
အဆိုပါမီးလောင်မှုနဲ့ ပတ်သက်ပြီး ကြက်ခြံပိုင်ရှင် ဦးသန်းဝင်းကို ချောက်မြို့မရဲစခန်းမှာ မီးပေါ့ဆသုံးစွဲမှုနဲ့ အရေးယူဆောင်ရွက်ထားပါတယ်။
သတင်း- ကိုလင်း(ချောက်)