ပုသိမ်သင်္ဘောဆိပ်များတွင် ကျန်းမာရေးစစ်ဆေးခြင်းမရှိသဖြင့် ဒေသခံများစိုးရိမ်
DVB
·
April 28, 2020
ဧရာဝတီတိုင်းအတွင်း ရေကြောင်းကနေ ခရီးသွားလာနေတဲ့ သင်္ဘောတွေဆိုက်ကပ်ချိန် ပုသိမ်မြို့ဆိပ်ကမ်းတွေမှာ ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးတာတွေ မရှိလို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ပုသိမ်မြို့က သင်္ဘောတွေဆိုက်ကပ်ရာ ဆိပ်ခံဘောတံတားတွေနဲ့ သင်္ဘောပိုင်တွေ ငှားရမ်းပြီး ရပ်နားတဲ့နေရာတွေမှာ ခရီးသည်တွေကို ကျန်းမာရေးစစ်ဆေးတာတွေ မရှိတဲ့အတွက် ပြည်သူတွေက စိတ်ပူနေရတာလို့ မြို့ခံ ဦးကိုလေးက ဒီဗွီဘီကို ပြောပါတယ်။
“အမှန်တကယ် စထွက်တဲ့အချိန်မှာ စစ်ဆေးတာတွေလုပ်ဖို့ လိုတယ်။ သင်္ဘောဆိုက်တဲ့ အချိန်မှာ ကျန်းမာရေးအတွက် စစ်ဆေးတာတွေ လုပ်ပေးတာမျိုး မရှိဘူး။ လမ်းခရီး သင်္ဘောကပ်တဲ့ နေရာတွေမှာ စစ်ဆေးတာမျိုး မရှိတော့ မြို့ပေါ်ဆိပ်ကမ်းမှာ ကပ်တဲ့အချိန်မှာ သင်္ဘောက လိုက်လာတဲ့သူတွေက ရောဂါ ရှိ၊ မရှိဆိုတာ ဘယ်သူမှ မသိရဘူး၊ အဲဒါကို ဒေသခံတွေ အဓိက စိုးရိမ်နေတာပါ”
ပုသိမ်မြို့ကို ငပုတောမြို့နယ်ထဲက ဟိုင်းကြီး၊ ပြင်ခရိုင်၊ ဒီဒူးကုန်း၊ ဂျမ်းကပ်၊ သင်္ကန်းကုန်း၊ သကယ်သောင်း၊ ကျုံကူးနဲ့ လပွတ္တာမြို့နယ်နဲ့ ကန်ကြီးထောင့်မြို့နယ်ထဲက ကျေးရွာတွေကို ပြေးဆွဲနေတဲ့ သင်္ဘောတွေ ဆိုက်ကပ်နေတဲ့အချိန်မှာ ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်စေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်တုန်းကတော့ သင်္ဘောတွေထွက်တဲ့အခါ ရေကြောင်းရဲတပ်ဖွဲ့က လုံခြုံရေးနဲ့ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးတာရှိတယ်လို့ ပုသိမ်မြို့နယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သူထွေးက ဒီဗွီဘီကို ပြောပါတယ်။
ပုသိမ်သင်္ဘောဆိပ်မှာ အလုပ်လုပ်နေသူ တဦးကတော့ “ရေယာဉ်တွေ အချိန်ပြောင်းလဲဖို့ ညွှန်ကြားလိုက်ပြီးနောက်ပိုင်းမှာတော့ ရေကြောင်း ရဲတပ်ဖွဲ့နဲ့ အခြားဌာနဆိုင်ရာတွေ လာစစ်တာ တွေ့တယ်။ ခုနောက်ပိုင်းတော့ လာစစ်တာမျိုး မတွေ့တော့ဘူး၊ အားလုံးသင်္ဘောဆိုက်တာနဲ့ ကမ်းပေါ်တက်ကုန်တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှာ ရေယာဉ်ကြီးတွေ မြင်းကောင်ရေ ၂၀ အထက် သင်္ဘောနဲ့ စက်လှေတွေ မြင်းကောင်ရေ ၂၀ အောက် စက်လှေလိုင်းတွေ အပါအဝင် သင်္ဘောနဲ့ စက်လှေစုစုပေါင်း ၁၀၀၀၀ လောက် အရင်က ပြေးဆွဲခဲ့ပြီး လက်ရှိ ကပ်ဘေးကာလမှာတော့ စီးပွားရေးအရ အရှုံးပေါ်ကြတဲ့အတွက် သင်္ဘောနဲ့ စက်လှေလိုင်းအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှုကော်မတီရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း မြို့နယ် ၂၆ မြို့နယ်မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီ အချိန်ထိ အပြင်မထွက်ဖို့ ဧပြီ ၁၈ ရက်ကတည်းက အမိန့်ထုတ်ခဲ့သလို ကုန်းလမ်းက ခရီးသွားလာတဲ့ ခရီးသည်တင်မော်တော်ယာဉ်လိုင်းတွေကိုလည်း ဧပြီ ၃၀ ရက်အထိ သွားလာခွင့်ကို တိုးမြှင့်ပိတ်ထားပါတယ်။
သတင်း- မင်းထက်မုန်း(ပုသိမ်)