Homeမြန်မာသတင်း
COVID-19 ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်း
COVID-19 ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီ ဖွဲ့စည်း
DVB
·
April 28, 2020
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေပြုတဲ့ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ပူးပေါင်းကော်မတီတရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဧပြီ ၂၇ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
COVID–19 ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ စပ်လျဉ်းပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီမှာ ဒေါက်တာတင်မျိုးဝင်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး စုစုပေါင်း ၄ ဦးနဲ့ ဖွဲ့စည်းထားတာပါ။
ကော်မတီရဲ့ ဒုဥက္ကဋ္ဌအဖြစ် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒု ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး၊ အတွင်းရေးမှူးအဖြစ် တိုင်းရင်းသားလူမျိုးများရေးရာ ဒုဝန်ကြီး ဦးလှမော်ဦးနဲ့ အဖွဲ့ဝင်တွေအဖြစ်တော့ ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးမိုးဇော်ဦးတို့ ပါဝင်ပါတယ်။
ညှိနှိုင်းပူးပေါင်းရေးကော်မတီအနေနဲ့ နယ်စပ်ဝင်ပေါက်တွေက ဝင်လာသူတွေနဲ့ ပတ်သက်လို့ သံသယလူနာတွေ့ရှိရင် သတင်းအချက်အလက် ဖလှယ်တာ၊ ဖော်ထုတ်တာတို့ကို ပူးပေါင်း လုပ်ဆောင်ရမှာ ဖြစ်သလို ရောဂါလက္ခဏာပြသူတွေကို ကုသမှုပေးနိုင်ရေး ညှိနှိုင်း လုပ်ဆောင်ရမှာပါ။
ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးမှာ ဟန်ချက်ညီဖြစ်စေဖို့ နည်းပညာဆိုင်ရာ ပူးပေါင်း လုပ်ဆောင်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်နယ်အစိုးရတွေအကြား ညှိနှိုင်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အခြေပြုတဲ့ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ အရေးပေါ်လုပ်ဆောင်ဖို့ ကိစ္စတွေ ပေါ်ပေါက်လာရင် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန လမ်းညွှန်ချက်နဲ့ ညှိနှိုင်းပူးပေါင်း လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်က ကေအန်ယူနယ်မြေအတွင်း COVID–19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေလုပ်ဆောင်တာနဲ့ပတ်သက်ပြီး ကရင်ပြည်နယ် နယ်လုံဝန်ကြီးက ကန့်ကွက်ခဲ့လို့ ကေအန်ယူက ပြန်လည်ကန့်ကွက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။