မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူ အသစ်မတွေ့ရှိသေး
DVB
·
April 28, 2020
ဧပြီ ၂၈ ရက်မနက်အစောပိုင်းက ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့တဲ့ဓာတ်ခွဲနမူနာတွေမှာ COVID-19 ရောဂါပိုး မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၁၅ ခုနဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ ၂၃၀ ခု စုစုပေါင်း ၃၄၅ ခုကို စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရှိရတာလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒီမနက် ၇ နာရီ အချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၄၆ ယောက်တွေ့ခဲ့ပြီဖြစ်ပြီး အဲဒီထဲက ရောဂါပိုးကင်းစင်သူ ၁၀ ယောက်နဲ့ သေဆုံးလူနာ ၅ ယောက်ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ၇၀၀၀ ကျော်အနက်မှာ ၁၄၆ ဦး မှာရောဂါတွေ့ရှိရပြီး ဓာတ်ခွဲစစ်ဆေးမှုရဲ့ ၂ ရာခိုင်နှုန်းကျော်မှာ ရောဂါစစ်ဆေး တွေ့ရှိရတာဖြစ်ပါတယ်။
လူနာတွေကို နိုင်ငံတဝန်း မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာ တွေ့ရှိရပြီး ရောဂါဖြစ်ပွားတဲ့ မြို့နယ်တွေကတော့ ရန်ကုန်တိုင်း (၂၈) မြို့နယ်၊ မန္တလေးတိုင်း (၃) မြို့နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ (၂) မြို့နယ်စီ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မွန်ပြည်နယ်၊ နေပြည်တော်နဲ့ မကွေးတိုင်းမှာ (၁) မြို့နယ်စီ ရှိပါသည်။
ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ် (၅) ခုဖြစ်တဲ့ ကရင်၊ တနင်္ဿာရီ၊ ဧရာဝတီ၊ ရခိုင်နဲ့ ကယားပြည်နယ်မှာတော့ ရောဂါပိုးတွေ့လူနာ မရှိသေးဘူးလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။